ပေါက်တောတွင် ရဲအချုပ်မှ အချုပ်သားလေးဦးထွက်ပြေး၊ တစ်ဦးပြန်ဖမ်းမိ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ရဲစခန်းအချုပ်မှ အချုပ်သားလေးဦးသည် ယနေ့(ဒီဇင်ဘာ ၁ ရက်) နံနက်(၈)ကျော်အချိန်က ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

By ဉာဏ်ဟိန်း 01 Dec 2020

ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ရဲစခန်းအချုပ်မှ အချုပ်သားလေးဦးသည် ယနေ့(ဒီဇင်ဘာ ၁ ရက်) နံနက်(၈)ကျော်အချိန်က ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသည့် အချုပ်သားလေးဦးအနက် တစ်ဦးကို ဖမ်းမိထားပြီး ကျန်သုံးဦးအား ယနေ့ညနေပိုင်းအချိန်ထိ ဖမ်းမမိသေးကြောင်း ပေါက်တောမြို့မရဲစခန်းမှ ဂတ်စာရေးကျော်ဝင်းက DMG သို့ ပြောသည်။

“ထွက်ပြေးသွားတာတော့ ဟုတ်တယ်။ ကင်းစောင့်နေတဲ့သူက သော့မေ့ကျန်ခဲ့လို့ အဲဒီတရားခံတွေက သော့ကိုရပြီးတော့ ထွက်ပြေးသွားတာ။ တရားခံတစ်ဦးကိုတော့ မိပါပြီ” ဟု ၎င်းကဆိုသည်။

ထွက်ပြေးသွားသည့် အချုပ်သားသုံးဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၎င်းက ဆက်၍ပြောသည်။

မြို့မရဲစခန်းသည် ပေါက်တောမြို့၏ အရှေ့ပိုင်းရပ်ကွက်ရှိ မြို့မအထက်တန်းကျောင်းအနီးတွင် တည်ရှိသည်။

ယခုကဲ့သို့ အချုပ်သားထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ပေါက်တောမြို့မရဲစခန်းမှူး ဒုရဲမှူးလှဋ္ဌေးကို DMG က ဆက်သွယ်ခဲ့ရာ မအားသေးဟုပြောပြီး ဖုန်းချသွားသည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ရသေ့တောင်မြို့ရှိ မြို့မရဲစခန်းအချုပ်ကိုဖောက်ကာ အချုပ်သား ၃ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။

ဗီဒီယိုများ