ရခိုင်မှာ လုံခြုံရေးကန့်သတ်မှုများကြောင့် သာမန်ပြည်သူတွေ အဆင်မပြေမှုများကြုံတွေ့နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်ပြည်နယ် လွတ်လပ်ရေးရရှိရန်ကြိုးပမ်းနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေ၍ အခြေအနေအရ ချမှတ်ဆောင်ရွက်ထားသည့် လုံခြုံရေးကန့်သတ်မှုများကြောင့် သာမန်ပြည်သူများ၏ နေ့စဉ်ဘဝအတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကပြောသည်။

By နေရောင်မင်း 13 Dec 2019

တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ (၉၃၀၀၀) ကျော် ရှိလာနေပြီဖြစ်သည်။

နေရောင်မင်း | DMG
ဒီဇင်ဘာ ၁၃၊ စစ်တွေ

ရခိုင်ပြည်နယ် လွတ်လပ်ရေးရရှိရန်ကြိုးပမ်းနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေ၍ အခြေအနေအရ ချမှတ်ဆောင်ရွက်ထားသည့် လုံခြုံရေးကန့်သတ်မှုများကြောင့် သာမန်ပြည်သူများ၏ နေ့စဉ်ဘဝအတွက် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ယင်းတိုက်ပွဲအကျိုးများကြောင့် ညမထွက်ရအမိန့်နှင့် စစ်ဆေးရေးဂိတ်များ ထားရှိထားသဖြင့် ပြည်သူများ အခက်အခဲတွေ့နေရသည်ဟု ဒီဇင်ဘာလ ၁၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ လျှောက်လဲချက်ပေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 “ဒီပဋိပက္ခ အခြေအနေကြောင့် ရခိုင်ဒေသမှာ အရပ်သားတွေ သောင်းနဲ့ချီပြီး အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာမှုများ ကြုံတွေ့နေရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကို ၂၀၁၇ ခုနှစ်က ရဲစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း ဖြစ်ကာ တခြားမြို့နယ်များကို တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ဘေးဒုက္ခသည်များ အဓိက ခိုလှုံနေသည့် မြို့နယ်(၅)ခုတွင်လည်း အင်တာနက်အသုံးပြုခွင့်ကို ပြီးခဲ့သည့် ဇွန်လကစတင်ကာ ပိတ်ထားသည်။ ထို့ကြောင့် ပြည်သူများ သတင်းအချက်အလက်သိရှိပိုင်ခွင့် ဆုံးရှုံးသွားပြီး စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေး ကိစ္စများတွင် အခက်အခဲဖြစ်ပေါ်နေသည်။

ရခိုင်ပြည်သူများ၏ အခက်အခဲကို နိုင်ငံ့အကြီးအကဲများလည်း သိရှိနေသောကြောင့်  ပြည်သူများကို စေတနာ မေတ္တာထား၍ အင်တာနက်ပြန်လည်ဖွင့်ပေးခြင်းနှင့် ညမထွက်ရအမိန့်ရုပ်သိမ်းခြင်းတို့ကို ပြုလုပ်လျှင် ဝမ်းသာစရာဖြစ်လိမ့်မည်ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“လူသားဖြစ်ပါလျက်နဲ့ တခြားပြည်နယ်နဲ့တိုင်းက လူသားတွေနဲ့မတူဘဲ တမူထူးခြားပြီးတော့ ညမထွက်ရ ဥပမာ - ည ၉ နာရီကပင် မနက် ၇ နာရီအထိ လူတွေဟာ လှုပ်ရှားသွားလာလို့မရ။ လွတ်လပ်စွာ စီးပွားရှာဖွေလို့မရ။ နောက်တစ်ခါ အင်တာနက်ပိတ်ပင်ထားတဲ့အတွက် ဥပမာ -ဒုက္ခသည်တွေရဲ့အခက်အခဲ၊ စီးပွားရေးသမားတွေရဲ့ ငွေလွဲှငွေပို့၊ ဒေသခံတို့ရဲ့ ဖြစ်ပျက်နေတဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ မပေးပို့နိုင်၊ မဖတ်ရှုနိုင်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် WFP နှင့် ICRC တို့ကလွဲပြီး တခြားနိုင်ငံတကာအဖွဲ့အစည်းများကို လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်ဘေးရှောင်များကို ကူညီခွင့်ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘေးဒုက္ခသည်များ စားဝတ်နေရေးအခက်အခဲများ ပိုမိုဖြစ်ပေါ်နေသည်။

ဗီဒီယိုများ