ပေါက်တောမြို့နယ်တွင် မြန်မာစစ်တပ်က တစ်ရွာဝင်တစ်ရွာထွက်သွားလာနေမှုကြောင့် ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းပေါ်ရှိကျေးရွာများကို ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက တစ်ရွာဝင်တစ်ရွာထွက်သွားလာနေမှုကြောင့် ဒေသခံရွာသားများ စိုးရိမ်နေကြသည်ဟု သိရသည်။

03 Jan 2022

DMG ၊ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းပေါ်ရှိကျေးရွာများကို ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက တစ်ရွာဝင်တစ်ရွာထွက်သွားလာနေမှုကြောင့် ဒေသခံရွာသားများ စိုးရိမ်နေကြသည်ဟု သိရသည်။

အင်အား ၅၀ ကျော်ခန့်ရှိမည့် စစ်သားများသည် ယမန်နေ့ (ဇန်နဝါရီလ ၂ ရက်) ညနေ ၄ နာရီခန့်က ဘုရားချောင်းကျေးရွာသို့ရောက်ရှိလာကာ လူဦးရေစာရင်းများ၊ အိမ်ခြေစာရင်းများကို စစ်ဆေးမေးမြန်းခဲ့ကြောင်း အမည်မဖော်လိုသည့် ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အင်အား (၅၉)ယောက်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာကိုရောက်ရှိလာတယ်။ လူဦးရေစာရင်း၊ အိမ်ခြေစာရင်း၊ ကျောင်းသားစာရင်း၊ ကျောင်းမှာရှိတဲ့ဆရာ၊ဆရာမအရေအတွက်တွေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။ တခြားဘာမှတော့ မပြောခဲ့ဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ စစ်သားများဝင်ထွက်သွားလာနေမှုကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုများရှိနေကြသည်။ ဘုရားချောင်းကျေးရွာသို့ရောက်ရှိလာသော စစ်သားများကမူ ၎င်းတို့ကိုမကြောက်ကြရန်နှင့် ရန်ရှာရန်လာရောက်ခြင်းမဟုတ်ဟု ဒေသခံများကိုပြောဆိုခဲ့ကြောင်း ကျေးရွာရပ်မိရပ်ဖက ဆက်လက်ပြောသည်။

မြန်မာစစ်တပ်သည် အလယ်ဖရုံကာကျွန်းသို့ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှစတင်ရောက်ရှိနေခြင်းဖြစ်ကာ မြောက်ပြင်၊ ရွှေချောင်း၊ ဂြစ်ချောင်း၊ အောင်လှပြင် စသည့်ကျေးရွာများသို့ သွားရောက်ခဲ့ကာ လူဦးရေစာရင်းများနှင့် အိမ်ခြေစာရင်းများကို အဓိကထားကာ စစ်ဆေးမေးမြန်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီတပ်တွေ တစ်ရွာဝင်တစ်ရွာထွက် သွားလာနေကြတာတွေကို စိုးရိမ်နေကြတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသလိုမျိုး ပြည်သူတွေကခံစားနေကြရပါတယ်”ဟု ဂြစ်ချောင်းကျေးရွာက ဒေသခံတစ်ဦးကပြောသည်။

စစ်သားများက ထိုသို့ကျေးရွာများသို့ သွားလာနေခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို DMG က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေ ကြားခြင်းမရှိပေ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် လွန်ခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ သို့သော် နှစ်ဘက်နားလည်မှုဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလပထမပတ်တွင် တိုက်ပွဲရပ်တန့်သွားသည်။

ထိုသို့တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် ရက္ခိုင့်တပ်တော်(AA)သည် ပြည်နယ်တွင်းသြဇာကြီးမားလာအောင် တည်ဆောက်နေပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ သြဇာအာဏာတည်ဆောက်နေသောကြောင့် မြန်မာစစ်တပ်ကလည်း ကျောက်တော်၊ မြေပုံ၊ ဘူးသီးတောင်၊ ပေါက်တော စသည့်မြို့နယ်များသို့သွားရောက်ကာ ဒေသခံများကို AA နှင့်မပတ်သက်ကြရန် သတိပေးမှုများရှိနေသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များက ရခိုင်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်၍ နယ်မြေစိုးမိုးရေး၊ စစ်ရေးလှုပ်ရှားသွားလာမှုများရှိနေခြင်းကြောင့် စစ်ကောင်စီတပ်နှင့်မိမိတို့အကြား နှစ်ဖက်တင်းမာမှုမြင့်တက်စေသည်ဟု AA က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့အခြေအနေများကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သည့်အနေအထားကို ရောက်ရှိလာသောကြောင့် စစ်ရေးသတိကြီးစွာဖြင့်စောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့်လည်း စစ်ရေးသတိရှိကြရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗီဒီယိုများ