ပလက်ဝတွင် စက်သုံးဆီပြတ်တောက်မှုကြောင့် လျှပ်စစ်မီးမရသည်မှာ ၃ ရက်ခန့်အထိရှိလာ

ပလက်ဝမြို့တွင် စက်သုံးဆီပြတ်တောက်နေသောကြောင့် လျှပ်စစ်မီးမရရှိသည်မှာ ၃ ရက်ခန့်ရှိနေပြီဟု  ဒေသခံများထံက သိရသည်။

29 Jun 2022

DMG ၊ ဇွန် ၂၉

ပလက်ဝမြို့တွင် စက်သုံးဆီပြတ်တောက်နေသောကြောင့် လျှပ်စစ်မီးမရရှိသည်မှာ ၃ ရက်ခန့်ရှိနေပြီဟု  ဒေသခံများထံက သိရသည်။

ပလက်ဝမြို့ကို စစ်ကောင်စီက ဒီဇယ်ဓာတ်အားပေးစက်ဖြင့် လျှပ်စစ်မီးပေးနေ ခြင်းဖြစ်သည်။သို့သော် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ မီးပြတ်တောက်နေသည်။ထိုသို့ မီးမပေးနိုင်ခြင်းမှာ စက်သုံးဆီပြတ်တောက်နေသောကြောင့်ဟု  ဒီဇယ်ဓာတ်အားပေးစက်ရုံမှတာဝန်ရှိသူများက ပြောထားသည်ဟု ဒေသခံများက ဆိုကြသည်။

ထိုသို့ စက်သုံးဆီပြတ်တောက်မှုဖြစ်ပေါ်နေရခြင်းမှာ စစ်ကောင်စီအစီအစဉ်ဖြင့် ပလက်ဝ-ကျောက်တော်သို့ ပြေးဆွဲနေသော ရေနယားဇက်ရေယာဉ်ရပ်နားထားသောကြောင့်ဖြစ်သကဲ့သို့ စက်သုံးဆီတင်သွင်းမှုများကို လည်း ကန့်သတ်ထားကြောင့်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အရင်တုန်းက ဆီဈေးက နည်းနည်းပါးပါး သက်သာပါသေးတယ်။ အခုဆိုရင် ပိုပြီးဈေးတက်လာတယ်။ ဈေးတက်လာတာတောင်မက ဆီရောင်းမယ့်လူလည်းမရှိ ၊အဲလိုဖြစ်နေကြတယ်။ မလွယ်ပါဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပလက်ဝမြို့တွင် လွန်ခဲ့သည့် ခြောက်လခန့်မှစတင်ကာ ရပ်ကွက်များကိုအလှည့်ကျစနစ်ဖြင့်မီးပေးနေပြီး ညနေ ၆ နာရီခွဲမှ ညနေ ၁၁ နာရီအထိ မီးပေးသည်။ထိုသို့ အလှည့်ကျပေးနေသည့်ကြားမှ ယခုကဲ့သို့ စက်သုံးဆီပြတ် တောက်မှုကြောင့် မီးမရသဖြင့် ညနေပိုင်းတို့တွင် ကျန်းမာရေး၊လူမှုရေးကိစ္စများပေါ်ပေါက်လျှင် အခက်အခဲ များဖြစ်မည်ကို စိုးရိမ်နေကြသည်။  

“ဒီလိုသာပုံမှန်မရရင် ဖယောင်းတိုင်ထွန်း၊ ဆိုလာပြားလေးတွေနဲ့ မီးထွန်းပြီးနေရမှာပဲလေ”ဟု အခြားဒေသခံ တစ်ဦးက ပြောသည်။

ပလက်ဝမြို့ပေါ်တွင် ရပ်ကွက်လေးရပ်ကွက်ရှိပြီး လူဦးရေ  ၆၀၀၀ ကျော်နေထိုင်ကြသည်။ ပလက်ဝသည် ရခိုင်ပြည်နှင့်ထိစပ်နေသော မြို့နယ်တစ်ခုဖြစ်ပြီး ကုန်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကျောက်တော်မြို့ကို အဓိကအားကိုးနေရသည်။သို့သော်လည်း စစ်ကောင်စီက အဆိုပါဒေသသို့ စက်သုံးဆီ၊သံထည်၊ဘိလပ်မြေ စသည့်ပစ္စည်းများကို တင်ပို့မှုတားမြစ်ထားသည်။

 

ဗီဒီယိုများ