ပေါက်တောမြို့နယ်တွင် အရက်ပျံနှင့်အုန်းသီးရည် ရောသောက်သောကြောင့် လူသုံးဦးသေဆုံး

ကျေးရွာအတွင်း အရက်မရောင်းရ (သို့မဟုတ်) အရက်မသောက်သုံးရ စည်းကမ်းထုတ်ပြန်ထားသောကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းက နေအိမ်တစ်အိမ်၌ လူငါးဦးစုပေါင်းပြီး အရက်အဖြစ် အရက်ပျံနှင့် အုန်းသီးရည်ကို ရောသောက်ခဲ့ကြသည်။

28 Feb 2020

ဓာတ်ပုံ- lay mro - minbya cj news


ခိုင်ရိုးလ | DMG
ဖေဖော်ဝါရီ ၂၈၊ ပေါက်တော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကပိုင်ချောင်းကျေးရွာတွင် အရက်ပျံနှင့်အုန်းသီးရည် ရောစပ်သောက်သဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူသုံးဦးသေဆုံးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချမ်းသာက ပြော သည်။

ကပိုင်ချောင်းကျေးရွာတွင် အရက်မရောင်းရ (သို့မဟုတ်) အရက်မသောက်သုံးရ စည်းကမ်းထုတ်ပြန်ထားသော ကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်၊ ညနေပိုင်းက နေအိမ်တစ်အိမ်၌ လူငါးဦးစုပေါင်းပြီး အရက်အဖြစ် အရက်ပျံနှင့် အုန်းသီးရည်ကို ရောသောက်ခဲ့ကြသည်။

ထိုသို့သောက်ပြီးနောက် ဦးမောင်ကျော်လှ (၂၆ နှစ်)၊ ဦးကျော်ရင် အသက်(၄၀ နှစ်)၊ ဦးမောင်စောဦး (၅၆ နှစ်)တို့မှာ ညဉ့်အချိန်တွင် နေမကောင်းဖြစ်သဖြင့် မင်းပြားဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။ သို့သော် ဆေးကုသမှုခံယူနေစဉ် သွေးကြောပြတ်သေဆုံးသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးချမ်းသာက ပြောသည်။

“ သူတို့က တစ်ရက်တည်းမှာ နာရီပိုင်းခြားပြီးသေတာ။ ဆေးရုံကတော့ သွေးကြောပြတ်ပြီး သေဆုံးတာလို့ပြောတယ်” ဟု ၎င်းကဆိုသည်။

ကျန်နှစ်ဦးမှာ အနည်းငယ်သောက်ခဲ့သဖြင့် တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆက် ပြောသည်။

“ သူတို့ကိုလည်း ဆရာဝန်က ခေါ်လို့ဆေးရုံမှာ စစ်ဆေးခံပြီးပြီ။ သူတို့က ဘာမှမဖြစ်ဘူး။ တစ်ခွက်လောက်ပဲ သောက်ခဲ့တာဆိုတော့ ” ဟု ၎င်းဆိုသည်။

၎င်းတို့သည် ယခင်နေ့များကလည်း အုန်းသီးရည်နှင့်အရက်ပျံ ရောသောက်ကြသည်။ သို့သော် ယခုရောသောက်သည့် အရက်ပျံမှာ ယခင်သောက်နေကျ တံဆိပ်နှင့်မတူကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံက သိရသည်။

အဆိုပါသတင်းကိုကြားသိထားပြီး မင်းပြားဆေးရုံမှာဖြစ်နေသောကြောင့် အသေးစိတ်မသိရသေးကြောင်း ပေါက်တောမြို့မရဲစခန်းမှ တာဝန်သူတစ်ဦးက ပြောသည်။

ကပိုင်ချောင်းကျေးရွာအပါအဝင် ရခိုင်မြောက်ပိုင်း ကျေးရွာအများအပြားတွင် အရက်မူးပြီး ခိုက်ရန်မဖြစ်ပွားစေရန်အတွက် အရက်ချောင်းချခြင်း၊ အရက်သောက်သုံးခွင့် ပိတ်ပင်ထားသည်။

ဗီဒီယိုများ