ပေါက်တောမြို့နယ်တွင် ကျွဲ၊ နွား ပျောက်ဆုံးမှုများရှိနေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျွဲ ၊နွား ပျောက်ဆုံးမှု များပြားနေကြောင်း ဒေသခံများက ပြောသည်။

12 Mar 2020

ပေါက်တောမြို့ နယ်ကြိမ်ခွေမော်ကျေးရွာမှ ပျောက်ဆုံးသွားသည့် ကျွဲ (၁၃) ကောင်အား စစ်တွေမြို့ ဘုမေသဲချောင်း ပင်လယ်ကမ်းစပ်နားတွင် ပြန်တွေ့ရစဉ်။ ဓာတ်ပုံ - (Ra Khine See Mae Gyi’s facebook)

ခင်သရဖီဦး | DMG
မတ် ၁၂ ၊ ပေါက်တော

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျွဲ ၊နွား ပျောက်ဆုံးမှု များပြားနေကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့နယ်ရှိ ကြိမ်ခွေမော်၊ မနော်သီရိ၊ ချောင်းနွယ်၊ ဆားပြင် စသည့်ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း ကျွဲ၊ နွား အကောင်ရေ ၁၀ မှ ၃၀ ခန့်ထိ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့ကလည်း ကျွဲ ၁၃ကောင် အထိ အခိုးခံခဲ့ရကြောင်း ကြိမ်ခွေမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးကပြောသည်။

“တစ်ယောက်တည်းဆီက ၁၃ကောင် အခိုးခံရတယ်။ ရဲတိုင်ရင်လည်း ဘာမှမထူးပါဘူး။ ပျောက်ဆုံးသွားတဲ့ ကျွဲတွေကိုလည်း ပြန်လည်ရရှိတာမျိုး မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ဆားပြင်ကျေးရွာတွင်လည်း နှစ်စဉ်နှစ်တိုင်း ကျွဲ၊ နွားများ ပျောက်ဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းမောင်က ပြောသည်။

“ကျနော်တို့ရွာမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း ငါးကောင်အခိုးခံရတာရှိတယ်။ ဆားပြင်မှာက မကြာခဏဆိုသလို ပျောက်ဆုံးမှုတွေရှိတယ်။ မပျောက်တဲ့နှစ် မရှိဘူး။ ပြန်ရတာကလည်း သိပ်မရှိပါဘူး”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ကျွဲ ၊နွားများ ပျောက်ဆုံးနေခြင်းမှာ နယ်မြေလုံခြုံမှု မရှိသောကြောင့် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

“နယ်မြေလုံခြုံမှုမရှိဘူး။ အရေးယူမှုက အားနည်းတယ်။ ကျွဲ ခိုးတဲ့လူကို ထွက်ဖမ်းမယ်ဆိုရင်လည်း မမိတာများတယ်” ဟု ၎င်းကဆိုသည်။

ကျေးရွာသားအနေဖြင့်လည်း ကျွဲ၊နွား ပျောက်ဆုံးမှုများနှင့်ပတ်သက်ပြီး အမှုဖွင့်မည်ဆိုလျှင် အချိန်ကြန့်ကြာမှုများ ရှိနိုင်သောကြောင့် အမှုမဖွင့်ဘဲ ပိုင်ရှင်များကိုယ်တိုင် သွားရောက်ရှာဖွေလေ့သာရှိသည်ဟု ဦးအောင်ကျော်ထွီးက ဆက်လက်ပြောသည်။

ဒေသခံများမှာ ကျွဲ ၊နွားများကို ဖြစ်သလိုလွှတ်ထားခြင်းကြောင့် ပျောက်ဆုံးနေရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့် အခိုးခံရသည့် နေရာများကို သွားရောက်ဖမ်းဆီးခြင်းများရှိကြောင်း ပေါက်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် လှဌေးက ပြောသည်။

“ပျောက်တယ်လို့ ကြည့်လိုက်လ့ိုရှိရင် သူတို့က နေ့ရောညရော လွှတ်ထားကြတယ်။ ပျောက်လို့ရှိရင်လည်း တစ်ကောင်နှစ်ကောင် အများဆုံး ငါးကောင်ပေါ့။ ဒီလောက်တော့ရှိမှာပေါ့။ အရေးယူမှုအပိုင်းမှာလည်း သက်သေခံပစ္စည်းရှိမှ မျက်မြင်ရှိမှဆိုတော့၊ ဒါပေမဲ့ ကျနော်တို့ကတော့ တင်ပေးတယ်။ လိုက်တယ်” ဟု၎င်းကဆိုသည်။

ပေါက်တောရဲစခန်း၌ လတ်တလောတွင် ကျွဲပျောက်မှုဖြင့် အမှုဖွင့်ထားသည်မှာ ၃မှု၊ ၄ မှုခန့် ရှိကြောင်းနှင့် မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့တွင်လည်း ကျွဲ၊နွား ပျောက်ဆုံးမှုရှိသည်ဟု ဒုရဲအုပ် လှဌေးက ပြောသည်။

လူပုဂ္ဂိုလ်တစ်ချို့သည် ရခိုင်ပြည်နယ်မှ ကျွဲ၊နွားများကို ခိုးယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများရှိနေ သည်ဟု ဒေသခံများထံက သိရသည်။

ဗီဒီယိုများ