ပေါက်တောမြို့နယ်တွင် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက်သွားလာနေ၍ ဒေသခံများစိုးရိမ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာအချို့တွင် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက်သွားလာနေမှုကြောင့် ဒေသခံများမှ စိုးရိမ်လျက်ရှိနေကြသည်။

14 Nov 2021

DMG ၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာအချို့တွင် စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက်သွားလာနေမှုကြောင့် ဒေသခံများမှ စိုးရိမ်လျက်ရှိနေကြသည်။

အင်းအား ၅၀ ခန့်ရှိမည့် စစ်ကြောင်းတစ်ခုသည် နိုဝင်ဘာလ ၈ ရက်နေ့က ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာသို့ရောက်ရှိလာပြီး အဆိုပါရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် နှစ်ညနေထိုင်ခဲ့ကာ ဆားပြင်ကျေးရွာဘက်သို့ထွက်သွားကြောင်း မနော်သီရိကျေးရွာမှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“သူတို့(စစ်တပ်)က တောင်ညိုဘက်ကလာတာ။ ရွာထဲတော့မဝင်ကြဘူး။ ကျွန်မတို့ရွာ ဘုန်းကြီးကျောင်းမှာဘဲနေခဲ့ကြတယ်။ ရွာသားတွေက အဲဘက်ကိုမသွားရဲကြတော့ဘူး။ ဒီလိုတစ်ခါမှလည်း မမြင်ဖူးမကြုံဖူးဆိုတော့ ရွာသားအကုန်လုံးကကြောက်နေကြတယ်”ဟု ၎င်းကဆိုသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဆားပြင်ကျေးရွာသို့ စစ်ကြောင်းရောက်ရှိလာကြောင်း ဆားပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

“ရွာသားတွေက အကုန်လုံးစိုးရိမ်ကြောက်လန့်နေကြတယ်။ စစ်သားကိုအရင်က ဒီလိုမျိုးမမြင်ဖူးဘူးလေ။ အခုစစ်သားတွေလာတယ်ဆိုတော့ ကြောက်တာပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်အတွင်းမှစ၍ ပေါက်တောမြို့သို့ရောက်ရှိလာပြီး အားကစားခန်းမတွင် ရက်အနည်းငယ်နေထိုင်ခဲ့ကာ တောင်းဖူး၊ တောင်ညို၊ အဝကန်၊ ကြိမ်ခွေမော် စသည့်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်သွားလာနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပေါက်တောမြို့နယ်သည် တည်ငြိမ်အေးချမ်းနေသည့်မြို့နယ်ဖြစ်ကာ ပြီးခဲ့သည့်တိုက်ပွဲကာအတွင်းကလည်း သေနတ်သံများမကြားခဲ့ရသော ရခိုင်မြောက်ပိုင်းမှ မြို့နယ်တစ်ခုဖြစ်သည်။
လက်ရှိမှာ စစ်တပ်မှ ပေါက်တောမြို့နယ်အတွင်း လှည့်လည်သွားလာမှုများရှိနေသဖြင့် ဒေသခံများက စိုးရိမ်မှုရှိနေကြသည်။

စစ်ရေးအရ၊ နိုင်ငံရေးအရလှုပ်ရှားမှုများတွင် ပြည်သူများ၏ စိုးရိမ်ထိတ်လန့်သည့်အနေအထားကိုရှောင်ရှားစေလိုကြောင်း ပေါက်တောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးကပြောသည်။

“ကျွန်တော်တို့ဖက်မှာက စစ်နဲ့ပတ်သက်လို့ ယူနီဖောင်းတောင်မမြင်ဘူးတဲ့ အခြေအနေပေါ့။ ဒီအနေအထားမှာ လက်တလောကြီးရောက်လာတော့ ပြည်သူတွေအထိတ်တလန့်ဖြစ်ကြတယ်။ စစ်ရေးအရသွားလာမှုကို အဓိကပြည်သူလူထုကိုမျက်နှာမူပြီး ရှောင်ရှားဖို့။ အေးအေးချမ်းချမ်းနဲ့ရှိနေတဲ့ဒေသကို ဆက်ပြီးအေးအေးချမ်းချမ်းဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ကြဖို့လိုတယ်”ဟု ဦးအောင်ကျော်ထွီးက ပြောသည်။

ပေါက်တောမြို့နယ်အတွင်း စစ်တပ်ကဝင်ထွက်သွားလာမှုများရှိနေကြောင်း ပြောဆိုချက်နှင့်ပတ်သက်၍ ပြည်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုနိုဝင်ဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲငယ်အချို့ဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ