ပလက်ဝတွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝကျေးရွာမှ အမျိုးသမီးတစ်ဦး ယနေ့(မေလ ၃၀ ရက်) နံနက်ပိုင်းက ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

30 May 2020

ဝင်းညွန့် ၊ နှင်းနွယ် | DMG
မေ ၃၀၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝကျေးရွာမှ အမျိုးသမီးတစ်ဦး ယနေ့(မေလ ၃၀ ရက်) နံနက်ပိုင်းက ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အောက်မီးလက်ဝကျေးရွာသား ၁၃ ဦးတို့မှာ မိမိတို့ကျေးရွာသို့သွားရောက်ပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်မှုအား ြ
ကုံတွေ့ခဲ့ရသည့် ဦးကျော်ငြိမ်းက DMG သို့ ပြောသည်။

“ကျနော်တို့ ရွာကိုထင်းယူဖို့သွားတယ်။ ထင်းယူပြီးအပြန်မှာ ကျနော်တို့ ပစ်ခတ်သံကြားတယ်။ ပစ်ခတ်သံကြားတော့ ကျနော်တို့ ပလက်ဝဖက်ကမ်းကိုကူးတယ်။ အဲဒီမှာ ကျည်ကျသွားတာ။ အခုတော့ ပလက်ဝမြို့ပေါ်မှာ သဂြိုလ်လိုက်ပါပြီ” ဟု ၎င်းကဆိုသည်။

ကျည်ထိမှန်သေဆုံးသွားသူမှာ အောက်မီးလက်ဝကျေးရွာမှ ဒေါ်ဟွေ့မ (၆၂ နှစ်) ဖြစ်ပြီး ၎င်း၏ဝမ်းဗိုက်တွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်က ယင်းသို့အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးမှုအား အတည်ပြုပြောကြားပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမသိကြောင်း ပြောသည်။

“အောက်မီးလက်ဝကျေးရွာက အမျိုးသမီး ကျည်ထိလို့သေသွားတာတော့မှန်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က ပစ်တာကိုတော့ ကျနော်မသိဘူး။ ဒီနေ့တော့ ပလက်ဝမှာ တိုက်ပွဲဖြစ်တာမရှိဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

မေလ ၂၆ ရက်နေ့က အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၆၀ ခန့် မီးလောင် ပျက်စီးသွားခဲ့ကြောင်း ၎င်းကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

အောက်မီးလက်ဝကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး မတ်လ ၂၁ ရက်နေ့က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာတွင် လေကြောင်းတိုက်ခိုက်မှုများရှိသဖြင့် ပလက်ဝမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။

လက်ရှိမှာ ရွာအတွင်းနေအိမ်များမီးလောင်သွားသဖြင့် မိုးရာသီတွင်နေရပ်ပြန်ရန် အခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်နေကြသည့် အောက်မီးလက်ဝကျေးရွာသားများက ပြောဆိုထားသည်။

ဗီဒီယိုများ