ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေသည့်စစ်ဘေးရှောင်များ မိမိဆန္ဒမပါဘဲ နေရပ်သို့ပြန်နေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ထောက်ပံ့ငွေတစ်ချို့ပေးကာ နေရပ်သို့ပြန်ခိုင်းနေသည့်အတွက် မိမိသဘောဆန္ဒမပါဘဲနေရပ်ပြန်နေရသည်ဟု စစ်ဘေးရှောင်များကပြောဆိုသည်။

29 Oct 2021

ဓာတ်ပုံ - ခူမီးမီဒီယာ

DMG ၊ အောက်တိုဘာ ၃၀

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ထောက်ပံ့ငွေတစ်ချို့ပေးကာ နေရပ်သို့ပြန်ခိုင်းနေသည့်အတွက် မိမိသဘောဆန္ဒမပါဘဲနေရပ်ပြန်နေရသည်ဟု စစ်ဘေးရှောင်များကပြောဆိုသည်။

ကျေးရွာများတွင် မိုင်းရှင်းလင်းရေးမပြုလုပ်ရသေးခြင်း၊ နေရပ်သို့ရောက်ရှိပါက ယခင်ကဲ့သို့ လုပ်ကိုင်စားသောက်နိုင်မည်မဟုတ်ခြင်းနှင့် တစ်နေရာနှင့်တစ်နေရာ လွတ်စွာသွားလာခွင့် အခက်အခဲနှင့် ရင်ဆိုင်ရမည်ကိုစိုးရိမ်သည်ဟု ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ဆန္ဒမရှိဘဲ စစ်ကောင်စီကပြန်ကိုပြန်ခိုင်းနေတာ။ ရပ်ရွာတွေမှာလည်း မိုင်းတွေဘာတွေ မရှင်းရသေးဘူး။ ပြီးတော့ကျေးရွာအနီးမှာလည်း စစ်တပ်ကရှိတော့ အရင်လို လုပ်ကိုင်စားသောက်လို့ရမယ်မထင်ဘူး။ ဒီလိုအခက်အခဲရှိနိုင်တယ်”ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ရန်အတွက် နေအိမ်ပျက်စီးသွားသည့် မိသားစုကို တစ်အိမ်ထောင်လျှင် ငွေကျပ် (၅၈၃၀၀၀)နှင့် နေအိမ်ပြုပြင်ရမည့်အိမ်ထောင်စုအတွက် ငွေကျပ်(၃၈၆၀၀၀)စီ စစ်ကောင်စီက ထောက်ပံ့ကြေးအဖြစ်ပေးသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။

လက်ရှိတွင် ပလက်မြို့ပေါ်တွင်ခိုလှုံနေကြသည့် စိမ့်စမ်းဝ၊ ငပွေ၊ ပင်ဝ၊ ဆီးဖလောင်း၊ အင်ခိုးဝ၊ တမန်းသား၊ သဲမဝ၊ မီးလက်ဝအောက်ရွာနှင့် ပလက်ချောင်းဝ စသည့်ကျေးရွာ ၉ ရွာမှ ဒေသခံများမှာ နေရပ်ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာသားများမှာ အောက်တိုဘလာ ၂၄ ရက်နှင့် ၂၇ ရက်နေ့များတွင် နေရပ်ပြန်သွားကြခြင်းဖြစ်ပြီး လက်ရှိတွင် နေရပ်ပြန်စစ်ဘေးရှောင် ၅၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၀ ကျော်ရှိသည့်အနက် လက်ရှိတွင်အိမ်ထောင်စု ၅၀ ခန့် နေရပ်ပြန်သွားကြပြီဖြစ်သည်။ ကျန်အိမ်ထောင်စုများမှာလည်း ထောက်ပံ့ငွေရပါက နေရပ်ပြန်ကြမည်ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးကျော်ခိုင်က ပြောသည်။

“အခုက လူဦးရေ ၁၀၀ ကျော်လောက်ပြန်သွားကြပြီ။ ကျန်တဲ့သူတွေက ထောက်ပံ့ငွေမရလို့မပြန်ကြသေးဘူး။ ငွေရရင်သူတို့လည်းပြန်ကြမယ်ပေါ့။ ပြန်မယ့်သူကိုခေါ်တယ် လူစုတယ်။ ရက်ချိန်းပေးမယ်။ ပြီးရင်ငွေပေးပြီးပြန်ခိုင်းတယ်”ဟု ဦးကျော်ခိုင်ကပြောသည်။

ပလက်ဝမြို့ပေါ်တွင်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစ၍ စစ်ကောင်စီက အကြိမ်ကြိမ်ခေါ်ယူပြောဆိုခဲ့သည်။

နေရပ်ပြန်သို့ရောက်ရှိပါက စားဝတ်နေရေးအခက်အခဲကြုံမည်ကို စိုးရိမ်ကြောင်း မီးလက်ဝကျေးရွာမှ ဦးနီလှအောင်ကပြောသည်။

“ကျွန်တော်တို့က စစ်ဘေးရှောင်ဘဝနဲ့နေတာ ၂ နှစ်လောက်ရှိပြီ။ အလုပ်မရှိအကိုင်လဲမရှိ။ ရှိတာတွေလည်းထိုင်စားလို့ကုန်ပြီ။ရွာပြန်သွားရင် အလုပ်မရှိအကိုင်မရှိဖြစ်မှာ။ လုပ်ကိုင်ဖို့အတွက် တောတောင်တွေမသွားရဲ မိုင်းကိုစိုးရိမ်တယ်။ လမ်းပန်းဆက်သွယ်ရေးက အရင်လိုအဆင်ပြေမလား။ ဒါတွေကိုစိုးရိမ်နေရတယ်”ဟု ၎င်းကပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ လူဦးရေ (၇)ထောင်ကျော်မှာ မြို့ပေါ်ရှိစာသင်ကျောင်း၊ ဝိသုဒါရုံ ၊ ဘောလုံးကွင်း၊ စိုက်ပျိုးရေး၊ အာစီ စသည့်နေရာများတွင် စစ်ဘေးရှောင်အဖြစ် ခှိုလှုံနေကြခြင်းဖြစ်သည်။

ဗီဒီယိုများ