ဖမ်းဆီးစစ်ဆေးခံရသည့် စစ်တွေမြို့နယ်မှ အမျိုးသမီးငယ်နှစ်ဦး ပြန်လွှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြီတဲကျေးရွာမှ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးငယ်နှစ်ဦးကို ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By အောင်ထိန် 13 Jun 2020

အောင်ထိန် | DMG
ဇွန် ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကြီတဲကျေးရွာမှ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးငယ်နှစ်ဦးကို ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါကျေးရွာရှိနေအိမ်များကို ဇွန်လ ၁၂ ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တို့မှ ဝင်ရောက်ကာ အိမ်‌ထောင်စုစာရင်း၊ မှတ်ပုံတင် စသည်တို့ကို စစ်ဆေးနေစဉ် ၎င်းတို့အမျိုးသမီးငယ်နှစ်ဦးမှာ “Messenger”မှတစ်ဆင့် ဆက်သွယ်ပြောဆိုနေသည်ကိုတွေ့၍ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“နောက်ဒီလိုမဖြစ်စေဖို့၊ ကိုယ့်သားသမီးကို ထိန်းသိမ်းဖို့ ပြောကြားလိုက်တယ်။ ပြီးတော့ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တာ” ဟု မခင်ဝင်းဦး၏မိခင်ဖြစ်သူ ဒေါ်ဦးမြအေးက ပြောသည်။

သက်ဆိုင်ရာအာဏာပိုင်များက နေအိမ်များကို ဝင်ရောက်စစ်ဆေးနေစဉ် မခင်ဝင်းဦးသည် မလုံးမချေထံသို့ “Messenger” မှတစ်ဆင့် “ကြွီတဲပိုက်ဆိပ်မှာ လူနှစ်ယောက် ဖမ်းဆီးသွားတယ်လို့ ကြားတယ်။ အဲဒါဟုတ်လား ” စသည်ဖြင့် ဆက်သွယ်ပြောဆိုနေကြခြင်းဖြစ်သည်။

“ရဲစခန်းမှာ ဘာတွေစစ်ဆေးခံခဲ့ရလည်းလို့ မိန်းကလေးနှစ်ယောက်ကို ကျနော်မေးကြည့်တဲ့အခါ AA နဲ့ အဆက်အသွယ်ရှိလား။ ဘာဖြစ်လို့ Online က စကားပြောနေလဲစစ်တော့ မိသားစုဝင်တွေရှိတဲ့အတွက် စိုးရိမ်လို့ ဖြစ်တယ်လို့ မိန်းကလေးနှစ်ယောက်က ဖြေခဲ့တယ်လို့ ကျနော့်ကိုပြောပြတယ်” ဟု ကြွီတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြသိန်းကပြောသည်။

မလုံးမချေ အသက် (၁၇)နှစ်သည် ကြွီတဲပိုက်ဆိပ်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး စစ်တွေမြို့နယ်၊ ပလ္လင်ပြင်ကျေးရွာမှ မခင်ဝင်းဦး အသက် (၁၈)နှစ်မှာ ကြွီတဲကျေးရွာ၌ စက်ချုပ်ပညာ သင်ကြားနေသူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အလားတူ မေလ ၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဈေးတွင် လက်ဖက်ရည်ဆိုင်ရောင်းနေသည့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီး အမှုဖွင့်လှစ်ခံထားရသည်။

ဗီဒီယိုများ