- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
လက်နက်ကြီးထိမှန်သွားသည့် ရသေ့တောင်ဒေသခံလေးဦးထဲမှ ဒဏ်ရာပြင်းထန်သူတစ်ဦး စစ်တွေဆေးရုံကြီးတွင် ကုသမှုခံယူနေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိ သွားသည့် ရွာသားလေးဦးထဲမှ ဦးဘရွှေမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိပြီး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။
15 Oct 2020
နှင်းနွယ် | DMG
အောက်တိုဘာ ၁၅ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိ သွားသည့် ရွာသားလေးဦးထဲမှ ဦးဘရွှေမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိပြီး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။
အောက်တိုဘာ ၁၄ ရက်နေ့က ပြာပင်ရင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရွာသားလေးဦးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဦးဘရွှေ(၅၇)နှစ်တွင် ရင်ဘတ်နှင့်ခန္ဓာကိုယ်တို့၌ လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး ဦးသိန်းစိန်မောင်(၃၅)နှစ်၊ ဦးမောင်မြထွန်း(၅၆)နှစ်နှင့် ဦးမောင်မြစိန် (၃၄)နှစ်တို့တွင် နဖူး၊လက်နှင့် ခြေထောက်တို့၌ ဒဏ်ရာအသီးသီးရရှိသွားကြသည်။
“ကျမအဖေမှာက တကိုယ်လုံးလက်နက်ကြီးအစတွေဝင်သွားတယ်။ တစ်ခြားဒဏ်ရာတွေထက် ရင်ဘတ်က ဒဏ်ရာကပိုဆိုးတော့ စစ်တွေဆေးရုံကိုသွားရမယ်ဆိုလို့ရောက်လာတာ။ အခုလောလောဆယ် သူ့ကို ဓာတ်မှန် ရိုက်ဖို့လုပ်နေတယ်။ ဆရာဝန်ကတော့သူ့ကိုခွဲစိတ်ရမယ်တဲ့။ ဘာမှစိတ်မပူနဲ့ သူတို့အတတ်နိုင်ဆုံးလုပ်ပေးမယ် ပြောတယ်။ ဒါပေမယ့် ကျမတို့ကတော့ ခွဲစိတ်ပြီးရင် အဖေကသေမလား၊ရှင်မလားဆိုတာမသိနိုင်တော့ အရမ်း စိတ်ပူတယ်” ဟု ဦးဘရွှေ၏သမီးဖြစ်သူ မဦးသိန်းနုကပြောသည်။
လက်ရှိတွင်ကျန်သုံးဦးမှာ ရသေ့တောင်မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် ဦးသိန်းစိန်မောင်က “လက်နက်ကြီးတွေ ရွာနားကလယ်ကွင်းတွေမှာ လာကျ တာကိုမြင်တော့ ကျနော်တို့လည်းကြောက်ပြီး စာသင်ကျောင်းထဲမှာ ဝင်ပုန်းနေကြတယ်။ အဲဒီအချိန်မှာပဲ လက်နက်ကြီးက ကျောင်းထဲကိုလာကျတယ်။ ပထမတစ်လုံးနှစ်လုံးပစ်တဲ့အချိန်မှာတော့ ကျနော်တို့ကို မထိ သေးဘူး။ နောက်ဆုံးသုံးလုံးမြောက်မှာပဲ ကျနော်တို့ကိုလာထိသွားတာ”ဟု ပြောသည်။
အဆိုပါလက်နက်ကြီးများကျရောက်ပေါက်ကွဲပြီးနောက် ပြာပင်ရင်းကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း ယင်းကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးထွန်းသာကျော်ကဆိုသည်။
ရသေ့တောင်မြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ ယနေ့အချိန်ထိ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ စုစုပေါင်း(၉)ဦးအထိ ရှိနေပြီဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲအကျိုးဆက်ကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူများပြားလာနေပြီး DMG ကကောက်ယူထားသည့်စာရင်းအရ ၂၀၂၀ ပြည့်နှစ် ဇွန်လကနေ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း (၁၂၂)ဦးအထိရှိခဲ့သည်။
ထို့ပြင် ရသေ့တောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး ဒေသခံအများစုမှာလည်း ဘေးလွတ်ရာသို့အသီးသီးထွက်ပြေးတိမ်းရှောင်နေရသဖြင့် တစ်ပတ်အတွင်းစစ်ဘေးရှောင်ဦးရေ သုံးထောင်ကျော်အထိတိုးလာနေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။