စစ်တွေဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်ပိုးတွေ့လူနာများ နေထိုင်ရေးနှင့်သောက်သုံးရေ အဆင်မပြေကြောင်းပြော

စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ကိုဗစ်ပိုးတွေ့လူနာများမှာ နေထိုင်ရေးနှင့် သောက်သုံးရေများ အခက်အခဲရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့်လူနာများက DMG သို့ပြောသည်။

08 Mar 2022

DMG ၊ မတ်လ ၈

စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် ကိုဗစ်ပိုးတွေ့လူနာများမှာ နေထိုင်ရေးနှင့် သောက်သုံးရေများ အခက်အခဲရှိနေသည်ဟု ဆေးကုသမှုခံယူနေသည့်လူနာများက DMG သို့ပြောသည်။

ကိုဗစ်ပိုးတွေ့လူနာများကို ဆေးကုသမှုပေးရန် ဆေးရုံကြီးခြံဝင်းရှိ အောက်ဆီဂျင်စက်ရုံအနီး နှစ်ထပ်ဆောင်တွင်ထားရှိသည်။ အဆိုပါလူနာများထဲတွင် လေယာဉ်စီးရန် ကိုဗစ်ပိုးရှိ၊မရှိစစ်ဆေးရာမှ ပိုးတွေ့သဖြင့် စစ်တွေဆေးရုံကြီးသို့ အပို့ခံရသူအများစုပါဝင်သည်။

ယင်းလူနာများမှာ ဆေးရုံသို့ရောက်သည့်နေ့မှစတင်ကာ (၅)ရက်ကြာနေထိုင်ကြရမည်ဖြစ်သည်။ ကိုဗစ်ပိုးတွေ့လူနာများ၏အဆိုအရ ၎င်းတို့ရောက်သည့်နေ့မှစတင်ကာ လက်ရှိအချိန်ထိ သောက်သုံးရေ ပေးခြင်းမရှိသည့်အပြင် စောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း စသည့်ပစ္စည်းတို့ကိုလည်းမပေးသဖြင့် လူနာများ အခက်တွေ့နေကြသည်ဟုဆိုသည်။ သို့သော်လည်း ထမင်းတော့ကျွေးသည်ဟု ပြောကြသည်။

“ထမင်းကျွေးတယ်။ ရေမပါဘူး။ အလှူရှင်မရှိလို့မပေးတာလို့ပြောတယ်။ ထမင်းက လှူတဲ့သူရှိလို့ရတာလို့ ပြောတယ်။ နယ်ကလာပြီး ဒီမှာအသိမိတ်ဆွေမရှိတဲ့သူတွေဆို အဆင်မပြေကြဘူး”ဟု ကိုဗစ်ပိုးတွေ့လူနာ တစ်ဦးက DMG ကိုပြောသည်။

လေယာဉ်စီးရန်လာကြရင်း ပိုးတွေ့သွားသည့်လူနာများမှာ ကျေးလက်ဒေသများကလည်း ပါဝင်သည်။ စစ်တွေမြို့ပေါ်မှလူနာများမှာ အခက်အခဲမရှိကြသော်လည်း နယ်ဝေးမှလာကြသူတစ်ချို့မှာ မြို့ပေါ်တွင် အသိမိတ်ဆွေများမရှိကြသဖြင့် သောက်သုံးရေရရှိနိုင်ရန်ပင် ခက်ခဲသည်ဟုဆိုကြသည်။

“အပြင်ကဝယ်ရတယ်။ အခက်အခဲကတော့ အကုန်လုံးကိုယ့်ဘာသာဝယ်နေရတာပဲ။ အိမ်သာ၊ ရေချိုးခန်း၊ ဘေစင်တွေမှာ လက်ဆေးဖို့ဆပ်ပြာကအစ မရှိဘူး”ဟု ကိုဗစ်ပိုးတွေ့လူနာ နောက်ထပ်တစ်ဦးကပြောသည်။

ဆက်လက်၍ အခြားကိုဗစ်ပိုးတွေ့လူနာတစ်ဦးက “သူတို့က သောက်ရေကိုမပေး၊ ထမင်းတော့ကျွေးမယ်။ အဲလိုပြောတယ်။ ထမင်းတော့နေ့တိုင်းပုံမှန်လာပို့ပါတယ်။ ဒါပေမယ့် စားရတာအဆင်မပြေဘူး။ ကျနော်တို့ ဘာမှလည်းမဖြစ်ပဲ ဒုက္ခရောက်နေသလိုခံစားရတယ်”ဟု ပြောသည်။

ဆေးရုံတာဝန်ရှိသူများအနေဖြင့် ကိုဗစ်ပိုးတွေ့လူနာများအဆင်ပြေစေရန် လုပ်ဆောင်သင့်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောကြသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကို DMG  က တယ်လီဖုန်းဖြင့် ငါးကြိမ်ခန့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိသေးပါ။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာများ မြင့်တက်လာသောကြောင့် ပြည်တွင်းလေယာဉ်စီးခရီးသည်များအား ကိုဗစ်ကာကွယ်ဆေးထိုးထားသူဖြစ်စေ၊ မထိုးထားသေးသူဖြစ်စေ ၄၈ နာရီအတွင်း ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မတ်လ ၅ ရက်နေ့ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြုလူနာ ၁၆၅ ဦးရှိပြီး ယင်းအထဲတွင် စစ်တွေမြို့၌ ၉၃ ဦးရှိကြောင်း သိရသည်။

(သတင်းရင်းမြစ်များ၏ ပုဂ္ဂိုလ်ရေးလုံခြုံရေးကိစ္စများကြောင့် သတင်းရင်းမြစ်အမည်များကို သတင်းတွင် ဖော်ပြထားခြင်းမရှိပါ)

ဗီဒီယိုများ