အာဏာသိမ်းမှုနောက်ပိုင်း ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင် နှုတ်ထွက်သူ ၅ ဦးအထိရှိလာ

စစ်တပ်မှအာဏာသိမ်းပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကို မကြိုက်ဟုဆိုကာ ပါတီမှနှုတ်ထွက်သွားသူ ၅ ဦးအထိရှိလာကြောင်း ANP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

27 Aug 2021

DMG ၊ သြဂုတ် ၂၇

စစ်တပ်မှအာဏာသိမ်းပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ(ANP)၏ ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကို မကြိုက်ဟုဆိုကာ ပါတီမှနှုတ်ထွက်သွားသူ ၅ ဦးအထိရှိလာကြောင်း ANP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။

ယင်းသို့နှုတ်ထွက်သွားသည့်ပါတီဝင်များမှာ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦး၊ ဗဟိုကော်မတီဝင် နှစ်ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ခဲ့သူ နှစ်ဦးတို့ဖြစ်ကြသည်။

အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း ANP ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကိုမကြိုက်ခြင်း၊ ပါတီ၏လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိကြောင်း စသည့်အချက်များကြောင့် ANP ပါတီမှ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု နှုတ်ထွက်သွားသူများကပြောသည်။

ANP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီးနောက်တွင် ပါတီဝင်တချို့နှုတ်ထွက်ခြင်းများ ရှိလာခဲ့သည်။

ယင်းသို့ ကောင်စီတွင် ဒေါ်အေးနုစိန်ပါဝင်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူလူထုအကျိုးစီးပွားအား အကျိုးပြု၊မပြုကို စောင့်ကြည့်ပြီးဆုံးဖြတ်သွားမည်ဟု ANP ပါတီ ဗဟိုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ANP ပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့သည်။

ANP ပါတီမှနှုတ်ထွက်သွားသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်းလည်းဖြစ်၊ ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “ပါတီရဲ့ခေါင်းဆောင်တချို့ဟာ ပါတီရဲ့ချမှတ်ထားတဲ့ ပါတီစည်းကမ်း၊ မူဝါဒတွေနဲ့ အလုပ်မလုပ်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်နေကြတဲ့အကြောင်းပြချက်လည်းပါတယ်” ဟု DMG ကို ပြောထားသည်။

အာဏာသိမ်းလိုက်သည့်အတွက် ပါတီနိုင်ငံရေးမှာလည်း အလုပ်မဖြစ်တော့သည့်အတွက် အမျိုးသားရေးကို လွတ်လပ်စွာလုပ်ဆောင်နိုင်ရန် ပါတီနိုင်ငံရေးမှနှုတ်ထွက်ခြင်းဖြစ်ကြောင်းလည်း ဦးဖေသန်းကဆိုသည်။

ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင် ပါတီဝင်အချို့နှုတ်ထွက်သွားခြင်းမှာ ပါတီကို တစ်စုံတစ်ရာအကျိုးသက်ရောက်မှုမရှိကြောင်း ပါတီမူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကပြောသည်။

“နိုင်ငံရေးပါတီတစ်ခုနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုမှာ လူတစ်ဦးတစ်ယောက်ထွက်သွားလို့ ပါတီရဲ့လမ်းစဉ်ဟာ ဆုတ်ယုတ်ပျက်စီးသွားတယ်ဆိုတာက အမြင်ကျဉ်းလို့ထင်တယ်။ ကျန်ရှိနေတဲ့သူတွေက လုပ်စရာရှိတာကိုဆက်ပြီးလုပ်နေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လူတချို့ကြောင့် ဒီပါတီတစ်ခုဟာ ဘာမှထိခိုက်တယ်လို့မမြင်ဘူး။ သွားမြဲသွားနေတယ်၊ လုပ်မြဲလုပ်နေတယ်။ လုပ်လည်းလုပ်နေသေးမှာပဲလို့ပြောချင်တယ်” ဟု သူကပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP)သည် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

လက်ရှိတွင် ပါတီရပ်တည်ချက်နှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ပါတီမှနှုတ်ထွက်သူအချို့ရှိလာနေခြင်းဖြစ်သည်။

ဗီဒီယိုများ