ဘူသီးတောင်တွင် စစ်ရှိန်မြင့်လာ၍ ကျေးရွာနှစ်ရွာမှဒေသခံများ နေရပ်စွန့်ခွာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား နှစ်ဘက်တိုက်ပွဲများသည် ကျေးရွာများအနီး ပိုမိုဖြစ်ပွားလာသောကြောင့် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

By ကျော်မျိုးအောင် 08 Oct 2020

ကျော်မျိုးအောင် | DMG
အောက်တိုဘာ ၈ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား နှစ်ဘက်တိုက်ပွဲများသည် ကျေးရွာများအနီး ပိုမိုဖြစ်ပွားလာသောကြောင့် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာ ခမီချောင်းကျေးရွာနှင့် ဝမ်းတွင်းကျေးရွာ အကြား တောင်ကုန်းသုံးခုတွင် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေ၍ ဝမ်းတွင်းကျေးရွာနှင့် အုတ်တောင်ကျေးရွာမှ ရွာသူရွာသားများ ထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းကျေးရွာတွင် အိမ်ခြေ ၄၀၊ လူဦးရေ ၁၀၀ ကျော်ရှိပြီး အုတ်တောင်ကျေးရွာတွင် အိမ်ခြေ ၇၀ ကျော်နှင့် လူဦးရေ ၂၀၀ ကျော်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

“မနေ့ကနေ့လည် ၂ နာရီလောက်ကစပြီး လက်နက်ကြီးပစ်တယ်။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲအလွန် ပြင်းထန်လာတော့ ရွာသူရွာသားတွေမနေဝံ့ကြတောဘဲ ပြင်ရှည်(ရခိုင်)ရွာကို ထွက်ပြေးလာကြတယ်” ဟု ဝမ်းတွင်းကျေးရွာတာဝန်ခံ ဦးသာလှက DMG သို့ ပြောကြားသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် ၅၆၄ တပ်ရင်းမှစစ်ကြောင်းတစ်ကြောင်း၊ ၅၅၁ တပ်ရင်းမှ စစ်ကြောင်း တစ်ကြောင်းနှင့် တပ်မ ၉၉ မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း ၃ ခုက ဝမ်းတွင်းကျေးရွာနှင့် ခမီချောင်းကျေးရွာကြားရှိ တောင်ကုန်း ၃ ခုအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေကြကြောင်း ဒေသခံများက ဆိုကြသည်။

အလားတူ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၇ နာရီကစတင်ပြီး တိုက်ပွဲများပြင်းထန်နေ၍ ကျေးရွာသားများမှာ ကျွဲ၊နွားများကိုယူပြီး ထွက်ပြေးလာနေကြကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အုတ်တောင်က ဒီနေ့မှစပြေးကြတာ။ တိုက်ပွဲကပြင်းလာတယ်။ နောက်ဘယ်လိုဖြစ်လာမလဲ မသိတောဘူး။ ဒါကြောင့် ဘူးသီးတောင်ကိုထွက်ပြေးလာကြတာ”ဟု အုတ်တောင်ကျေးရွာမှ ဦးသာမွှေးက ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း “တိုက်ပွဲပြင်းထန် နေတယ်လို့သိရတယ်။ ဝမ်းတွင်းကျေးရွာသားတွေနဲ့ အုတ်တောင်ရွာသားတွေ ထွက်ပြေးနေရကြတယ်လို့ သိရတယ်။ ဒီနေ့မနက်လဲ တိုက်ပွဲဖြစ်နေလို့ရွာသားတွေ ကျွဲ၊နွားတွေကိုယူပြီး ပြေးလာနေကြတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း အဆိုပါတောင်ကုန်းများအနီး တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်မှ လမ်းပြခေါ်ဆောင်သွားသည့် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကျေးရွာသား ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အဆိုပါကျေးရွာသားများ သေဆုံးဒဏ်ရာရရှိမှုမှာ အေအေအဖွဲ့က ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြင်ရှည်ကျေးရွာမှ အရပ်သားကလေး၊လူကြီး ၁၅ ဦးကို မြန်မာ့တပ်မတော်မှ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင် ခဲ့ပြီး နှစ်ဘက်တိုက်ပွဲကြားညှပ်ပါသွား၍ မွတ်ဆလင်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ