ဘူးသီးတောင်-ရသေ့တောင်ကြား လျှပ်စစ်ကြိုးပြတ်တောက်နေမှု နယ်မြေမလုံခြုံသောကြာင့် သွားရောက်မပြုပြင်နိုင်သေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကြားတွင် လျှပ်စစ်ကြိုးပြတ်တောက်နေမှုအား နယ်မြေမလုံခြုံသည့်အတွက် သွားရောက်မပြုပြင်နိုင်သေးကြောင်း မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ပြောသည်။

25 Aug 2020

ကျော်မျိုးအောင် | DMG
သြဂုတ် ၂၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ကြားတွင် လျှပ်စစ်ကြိုးပြတ်တောက်နေမှုအား နယ်မြေမလုံခြုံသည့်အတွက် သွားရောက်မပြုပြင်နိုင်သေးကြောင်း မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က ပြောသည်။

လျှပ်စစ်ကြိုးများမှာ တိုင်အမှတ် ၄၈ နှင့် ၄၉ ကြားတွင် ပြတ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြုပြင်ဖို့က ဒီနေ့သွားမရဘူးလို့ ပြောတယ်။ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံက သွားရမှာ။ နယ်မြေမတည်ငြိမ်တဲ့အတွက် သွားမရလို့ပြောကြတယ်” ဟု ဦးဟိန်းမိုးထက်က ပြောသည်။

အဆိုပါလျှပ်စစ်ကြိုးပြတ်တောက်နေမှုကြောင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် သြဂုတ်လ ၂၄ ရက် နေ့လယ်ပိုင်းမှစတင်ကာ လျှပ်စစ်မီးမရရှိခြင်းဖြစ်သည်။

မေယုမြစ်ထဲရှိ တပ်မတော်ရေယာဉ်တစ်စီးမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ရေမျက်ကျေးရွာနှင့် ၂ ဖာလုံခန့်အကွာတွင်ရှိသည့် လျှပ်စစ်တာဝါတိုင်မှ ကေဘလ်ကြိုးသုံးပင်တွင် တစ်ပင်ပြတ်တောက်သွားခဲ့သည်ဟု ဒေသခံရွာသားများထံမှ သိရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတပ်မတော်ရေယာဉ်မှာ အောင်စည်ကုန်းကျေးရွာနားအရောက်တွင် အေအေနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်နှင့် အေအေတို့၏တိုက်ပွဲဖြစ်ပွား မှုကြောင့် လျှပ်စစ်တိုင်များလက်နက်ကြီးကျည်ထိမှန်ပျက်စီးသွားခဲ့ကာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရက်ပေါင်း ၂၀ ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။

ဗီဒီယိုများ