မိုးရာသီရောက်လာသော်လည်း သံတွဲက ပုရစ်နှင့်ရေကောက်ကျေးရွာ နေအိမ်ဆောက်လုပ်ခြင်း ငွေကြေးအခက်အခဲကြောင့် မပြီးစီးနိုင်သေး

သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာထဲ ပါဝင်သဖြင့် ပြောင်းရွေ့ကာ ကျေးရွာအသစ်တည်ဆောက်နေသည့် ရေကောက်ကျေးရွာသစ်နှင့် ပုရစ်ကျေးရွာတို့တွင် ငွေကြေးအခက်အခဲကြောင့် နေအိမ်ဆောက်လုပ်မှု မပြီးစီးသေးပေ။

10 Jun 2021

DMG ၊ ဇွန် ၁၀

သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာထဲ ပါဝင်သဖြင့် ပြောင်းရွေ့ကာ ကျေးရွာအသစ်တည်ဆောက်နေသည့် ရေကောက်ကျေးရွာသစ်နှင့် ပုရစ်ကျေးရွာတို့တွင် ငွေကြေးအခက်အခဲကြောင့် နေအိမ်ဆောက်လုပ်မှု မပြီးစီးသေးပေ။

သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့မှာ စီမံကိန်းဧရိယာထဲပါဝင်သဖြင့် ယင်းကျေးရွာအစား ယခင်အစိုးရမှ ကျေးရွာသစ်တည်ဆောက်ပေးခဲ့သည်။

ယခုအခါ မိုးရာသီအတွင်းရောက်ရှိလာပြီး ငွေကြေးထုတ်ယူမှုအပိုင်းအခက်အခဲကြောင့် နေအိမ်များဆောက်လုပ်မှု မပြီးစီးသေးသူများရှိနေကြောင်း ရေကောက်ကျေးရွာမှ ရာအိမ်မှူး ဦးအောင်ကြီးက DMG သို့ ပြောဆိုသည်။

" နေအိမ်ဆောက်လုပ်မှုက နှစ်ရွာပေါင်း ၆၀% လောက်က အမိုးအကာတော့ရှိနေပြီ ကျန်တဲ့ ၄၀% လောက်က တိုင်တွေထူထားပြီးပြီ အမိုးတွေမရှိသေးဘူး။ အဓိကတော့ ငွေကြေးကြောင့်ပေါ့။ ငွေက ၃၀% မရသေးသူတွေ အခုတို့ ကျနော်တို့ရွာမှာဆို လူဦးရေ ၃၀ လောက် ရှိသေးတယ်။ ဘဏ်အခက်အခဲတွေကြောင့်” ဟု ပြောသည်။

အဆိုပါ ကျေးရွာနှစ်ရွာမှ ပြောင်းရွှေ့လာရသည့် အိမ်ခြေမှာ ၄၆၁ အိမ်ရှိပြီး မိုးရာသီအတွင်း လုပ်ကိုင်စားသောက်ရန် အလုပ်မရှိသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြသည်ဟု ရွာသားများက ပြောသည်။

ယင်းကျေးရွာသစ်တွင် ဧပြီလ ၂၉ ရက်နေ့ည မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကမ်းပါးများပြိုကျမှု ဖြစ်ခဲ့ပြီး ယခုအခါတွင်လည်း မိုးရာသီအတွင်း နေအိမ်ဆောက်လုပ်မှု မပြီးစီးသည့်အတွက် နေထိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ရေကောက်ဒေသခံ ကိုဝင်းနိုင်ထွန်းက ပြောသည်။

"အိမ်က အမိုးတွေ မရှိသေးဘူး။ တိုင်ထူပြီး အမိုးမိုးဖို့အတွက်လုပ်ထားပြီးပြီ။ ကျနော့်မှာ ငွေကမရှိသေးဘူး။ အမိုးမရှိတော့ နေထိုင်ရေးက အခက်အခဲရှိဒါပေါ့။ မိုးစိုပြီးပျက်စီးမဲ့ အရာတွေဆိုရင်တော့ သူများအိမ်တွေမှာ ထားရတယ်။ လူတွေကတော့ တာပေါ်လင် ကိုမိုးပြီးနေရတယ်။ ကျနော်မှာကတော့ အစိုးရကပေးတဲ့ငွေ ၃၀ % ရပြီးပြီးပါ့။ အဲဒါလောက်နဲ့ငွေက မလုံလောက်ဘူး” သူကဆိုသည်။

ကျန်ရှိငွေများကို မည်သည့်နေ့ရက်တွင် ထပ်မံထုတ်ပေးမည်ကို ဘဏ်မှငွေထုတ်ယူမှု အဆင်မပြေသဖြင့် အတိအကျ မပြောဆိုနိုင်သေးကြောင်း တာဝန်ရှိသူများကပြောဆိုထားကြောင်း သူကပြောသည်။

လက်ရှိ မိုးရွာသွန်းဒဏ်ကြောင့် လမ်းများပျက်စီးမှုရှိသလို နေအိမ်များမှာလည်း နိမ့်ဝင်သွားမှုများရှိပြီး ဒေသခံပြည်သူများ အဆင်ပြေပြေနေထိုင်နိုင်ရေးအတွက် ငွေကြေးကို အမြန်ဆုံးထုတ်ပေးရန်လိုအပ်သည်ဟု ရေကောက်ကျေးရွာ ဆယ်အိမ်မှူး ဦးအောင်ကြီးက ဆိုသည်။

လက်ရှိ ဒေသခံများအနေဖြင့် အမိုးအကာ လုံခြုံမှုမရှိသေးသည့်အပေါ် အစိုးရအနေဖြင့် မည်သို့လုပ်ဆောင်ပေးရန် စီစဉ်ထားကြောင်းကို သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းလက်ထောင်ညွှန်ကြားရေးမှူး ဦးကျော်အေးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။

ယင်း သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှာ ယခုနှစ်မိုးရာသီမတိုင်မီ ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂ မီတာထိရောက်အောင် လုပ်ဆောင်မည်ဖြစ်သည့်အတွက် ယခင်ကျေးရွာအဟောင်းမှ ကျေးရွာအသစ်သို့ ပြောင်းရွှေ့လာရခြင်းဖြစ်ကြောင်း စီမံကိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင် တည်ဆောက်သွားမည်သည်။

ဗီဒီယိုများ