ကိုဗစ်ပိုးတွေ့လူနာမရှိသေးသည့် ရမ်းဗြဲမြို့နယ်တွင် ရောဂါကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ထားကြောင်း တာဝန်ရှိသူများပြော

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၆ မြို့နယ်တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ COVID-19 ပိုးတွေ့လူနာ ၄၆၅ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး ရမ်းဗြဲမြို့နယ်တစ်မြို့နယ်တွင်သာ ကိုဗစ်ပိုးတွေ့လူနာမရှိသေးပေ။

03 Sep 2020

ခင်သရဖီဦး | DMG
စက်တင်ဘာ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၆ မြို့နယ်တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ COVID-19 ပိုးတွေ့လူနာ ၄၆၅ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး ရမ်းဗြဲမြို့နယ်တစ်မြို့နယ်တွင်သာ ကိုဗစ်ပိုးတွေ့လူနာမရှိသေးပေ။

ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးပိုင်းများကို တိုးမြှင့် လုပ်ဆောင်နေကြောင်း ဆေးရုံတာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများမှ သိရသည်။

ဒေသခံများ ရောဂါကူးစက်မှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ကုန်းလမ်း၊ရေလမ်းဖြင့် ဝင်လာသူများကို အသွားအလာကန့်သတ်ခြင်း၊ နှားခေါင်းစည်းတပ်ရန် ညွန်ကြားခြင်းနှင့် လူစုလူဝေးမပြုလုပ်ရန်ညွှန်ကြားခြင်းတို့ကို ကျန်းမားရေးဌာနနှင့် လူမှုအဖွဲ့အစည်းများက နှိုးဆော်တိုက်တွန်း ပေးမှုများပြုလုပ်နေကြောင်း ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေက ပြောသည်။

“တခြားမြို့နယ်တွေက လာတဲ့လူတွေကိုလည်း အဝင်/အထွက်တွေကို ဂိတ်နှစ်ခုသတ်မှတ် ဖွင့်လှစ်ပြီးတော့ လူမှုအဖွဲ့အစည်းတွေနဲ့ ကျန်းမားရေးဌာနက စစ်ဆေးတာတွေလုပ်တယ်။ ဘယ်မြို့ကဖြစ်ဖြစ် အရမ်းလာလို့ မရဘူး ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ရမ်းဗြဲမြို့ရှိ လူမှုအဖွဲ့အစည်းများနှင့် လူငယ်များမှလည်း ကိုဗစ်ရောဂါအသိပညာပေးခြင်းများ၊ mask ပေးဝေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းနိုင်ရန် လုပ်ဆောင်နေမှုများရှိသည်ဟု ရမ်းဗြဲလူငယ်အဖွဲ့မှ ကိုသော်ဇင်ထွန်းက ပြောသည်။

“တကယ်လို့ quarantine လူနာတွေက ပိုးတွေ့လူနာတွေရှိလာရင်လည်း စားရေးသောက်ရေး အကူအညီပေးနိုင် ဖို့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူငယ်တွေပူးပေါင်းပြီးတော့ စီစဉ်နေပါတယ်။

နောက်ပြီး တစ်ပတ်တစ်ခါ မြို့မှာ ပိုးသတ်ဆေးဖြန်းပေးနိုင်ဖို့အတွက် လုပ်ဆောင်နေတာတွေရှိပါတယ်”ဟု ၎င်းကပြောသည်။

ကိုဗစ်ပိုးတွေ့လူနာများရှိလာပါက ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင် လူနာ ၂၀ အတွက်ဆေးကုသရန် အခန်းနှင့် လိုအပ်သည့်ဆေးဝါးကိရိယာများကို ပြင်ဆင်ထားကြောင်းလည်း ရမ်းဗြဲမြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်နိုင်စိုးက ဆိုသည်။

“ဆေးရုံအသစ်မှာ လူအယောက် ၂၀ အတွက်ပြင်ဆင်ထားတယ်။ ဆရာဝန်ကတော့ နှစ်ယောက်ရှိတယ်။ ကိုဗစ် ကာကွယ်ရေးပစ္စည်းတွေကလည်း အသင့်အလျှောက်ရှိပါတယ်”ဟု ဆိုသည်။

လက်ရှိ ရမ်းဗြဲမြို့နယ်တွင် ပြည်တွင်း၊ ပြည်ပမှဝင်လာ၍ Quarantine ဝင်ရောက်နေသူ ၉၆ ဦးအထိ ရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ