တပ်မတော်သားသုံးဦး အဓမ္မပြုကျင့်ခဲ့သည့် ရသေ့တောင်မြို့နယ်မှ အမျိုးသမီးအတွက် တရားမျှတမှုရရှိရန် လိုလား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ ကလေးလေးယောက်မိခင် အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးမှ အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်ပြီး နစ်နာသူအမျိုးသမီးအတွက် တရားမျှတမှုရရှိရန် အကူအညီပေးနေသူများက လိုလားနေကြသည်။

12 Sep 2020

ခိုင်ရိုးလ | DMG
စက်တင်ဘာ ၁၂ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ ကလေးလေးယောက်မိခင် အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးမှ အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်ပြီး နစ်နာသူအမျိုးသမီးအတွက် တရားမျှတမှုရရှိရန် အကူအညီပေးနေသူများက လိုလားနေကြသည်။

ကျူးလွန်ခံရသူအမျိုးသမီး၏ ကိုယ်တွင်တွေ့ရှိခဲ့သော အထောက်အထားများနှင့် အခင်းဖြစ်ပွားရာနေ့က ဦးဂါ ကျေးရွာကိုရောက်ရှိခဲ့သော တပ်မတော်သားအချို့၏ DNA စစ်ဆေးချက်များမှာ တူညီနေခြင်း၊ မုဒိန်းမှု ကျူးလွန်ခဲ့ကြောင်း ကာယကံရှင်စစ်သည်များက ဝန်ခံထွက်ဆိုထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနတွင် အတည်ပြုပြောဆိုထားသည်။

ရသေ့တောင်မြို့နယ်တွင် တပ်မတော်သားသုံးဦးက အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိပဲ ပြည်သူလူထုအထင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး ဖော်ပြခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်ပတ်သက်ပြီး တပ်မတော်ကပထမအကြိမ်ခုံရုံးဖွဲ့စစ်ဆေးခဲ့ရာတွင် ယင်းတပ်မတော်သားများက ငြင်းဆိုခဲ့ကြသော်လည်း ဒုတိယအကြိမ်ထပ်စစ်ဆေးသည့်အခါတွင် ပြစ်မှုကျူးလွန်ခဲ့ကြောင်းကို ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထိုသို့ မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရာထူးအဆင့်တို့ကို ဖော်ပြပေးရန်လိုကြောင်း  နစ်နာသူအမျိုးသမီးအား အကူအညီပေးနေသူများက ဆိုသည်။

ထို့ပြင် ကျူးလွန်ခံရသူအမျိုးသမီးအတွက် စိတ်ကျေနပ်မှု၊ တရားမျှတမှုရရှိရန်နှင့် ကျူးလွန်ခဲ့သူများကို ညီမျှသည့်ပြစ်ဒဏ်ချမှတ်ရန်လိုကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက DMG သို့ပြောသည်။

“တပ်ဘက်ကဝန်ခံထားတဲ့ ကျူးလွန်သူတွေကို မည်သူမည်ဝါဖြစ်တဲ့အကြောင်း အရာခံအဆင့်၊ တပ်သားအဆင့် စတဲ့ဟာကိုပွင့်လင်းမြင်သာစွာချပြပေးဖို့လိုတယ်။ ကျူးလွန်သူတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ အရပ်ဘက် တရားရုံးကို လွှဲပြောင်းဆောင်ရွက်ပေးဖို့ကို တောင်းဆိုချင်တယ်။ အဲဒီလိုလွှဲပြောင်းပေးမှ ကျူးလွန်ခံရတဲ့ အမျိုး သမီးဘက်က တရားမျှတမှုရရှိမှာဖြစ်တယ်” ဟု ဒေါ်မြသူဇာက ဆိုသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း အမှုကို မှန်ကန်သောတရားဥပဒေဖြင့် စစ်ဆေးရန် အတွက် အရပ်ဘက်တရားရုံးကိုရှောက်စေချင်ကြောင်း ပြောသည်။

ကိုယ်တို့ဘက်က အမှုမှန်ပေါ်စေချင်တဲ့အတွက် အမြဲတမ်းစောင့်ကြည့်ပေးမှုတွေကြောင့် သူတို့ဘက်က ဖွင့်ဟ ဝန်ခံလာတာ။ အမှုကလည်းမပြီးသေးတော့ အားရကျေနပ်မှုကတော့မရှိသေးဘူး။ သူတို့ကို ဘယ်လိုပုံစံနဲ့ စစ်ဆေးသွားမယ်ဆိုတာကို စောင့်ကြည့်နေရအုံးမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သားများအား မည်သို့စစ်ဆေးလုပ်ဆောင်နေသည်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့ကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက အမှုဖွင့်ထားတာက ရဲစခန်းမှာဖွင့်ထားတာကို သူတို့ကစစ်ခုံရုံးကပဲ အရေးယူမယ်လို့ပြောထားတယ်။ အဲဒီဟာက ပြည်သူတွေလိုလားနေတဲ့ လမ်းကြောင်းနဲ့ သူတို့ဘက်ကသွားနေတာက လွဲနေတယ်လို့မြင်တယ်။ ဒီဘက်မှာ တရားစွဲတာဆိုတော့ တရားကို အရပ်ဘက်ကိုလွှဲပေးရမယ်။ အဲဒါမှ ပြည်သူတွေလိုလားတဲ့ တရားမျှတမှု၊ နစ်နာ သူတွေကိုကုစားရာမှာ ပွင့်လင်းမြင်သာမှုရှိမယ် ” ဟု ဆိုသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီးနောက် ည ၁၁ နာရီခန့်တွင် နေအိမ်၌ပုန်းခိုနေသည့် အမျိုးသမီးကို တပ်မတော်သားသုံးဦးက မှတ်ပုံတင်စစ်ဆေးမည်ဟုအကြောင်းပြကာ နေအိမ်မှခေါ်ထုတ်သွားခဲ့ပြီး အနီးရှိလူမရှိသောနေအိမ်တွင် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက သတင်းထောက်များကို ပြောဆိုထားသည်။

ယင်းအပြင် ကလေးမွေးဖွားပြီး (၆)ရက်သာရှိသေးသည့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူကိုလည်း စစ်ဆေး စရာရှိသည်ဟုဆိုကာ နေအိမ်ပြင်သို့ခေါ်ထုတ်သွားခဲ့ပြီးနောက် အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ယောက်ခမ တော်စပ်သူမှ သွားရောက်တောင်းပန်ပြောဆိုခဲ့သဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသည့် အမျိုးသမီးက ပြောသည်။

ယင်းသို့အဓမ္မပြုကျင့်ရာတွင်ပါဝင်သည့် တပ်မတော်သားသုံးဦးအား မုဒိမ်းမှု၊ ကာမကိုအတင်းအဓမ္မရယူမှု၊ မုဒိမ်း ကျင့်ကြံရန်ကြိုးပမ်းမှု စသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၇၆၊ ၃၆၆၊ ၁၄၄ တို့ဖြင့် ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင်တရားလိုလုပ်ပြီး အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ