DMG မှ ဖော်ပြခဲ့သည့် အကူအညီလိုအပ်နေသူများ ငွေသားအကူအညီများရရှိ

DMG သတင်းဌာနမှ အပတ်စဉ်ထုတ်လွှင့်နေသော Weekly News အစီအစဉ်တွင် ဖော်ပြခဲ့သည့် မိသားစုစားဝတ်နေရေးကို ခက်ခက်ခဲခဲဖြင့် ထောက်ပံ့နေသူအသက် ၁၀ နှစ်အရွယ် မခိုင်ဖြူဝင်းနှင့် လက်သည်မပေါ်ဘဲ လင်ယောကျ်ားသေဆုံးမှုအပေါ် တရားမျှတမှုကိုရှာနေသည့် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၂၂ နှစ်အရွယ် မစုလှိုင်းဝင်းတို့သည် စေတနာရှင်များ၏ ငွေသားအလှူကို လက်ခံရရှိသည်ဟု သိရသည်။

28 May 2021

ဓါတ်ပုံ - Wai Hun Aung

DMG ၊ မေ ၂၈

DMG သတင်းဌာနမှ အပတ်စဉ်ထုတ်လွှင့်နေသော Weekly News အစီအစဉ်တွင် ဖော်ပြခဲ့သည့် မိသားစုစားဝတ်နေရေးကို ခက်ခက်ခဲခဲဖြင့် ထောက်ပံ့နေသူအသက် ၁၀ နှစ်အရွယ် မခိုင်ဖြူဝင်းနှင့် လက်သည်မပေါ်ဘဲ လင်ယောကျ်ားသေဆုံးမှုအပေါ် တရားမျှတမှုကိုရှာနေသည့် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၂၂ နှစ်အရွယ် မစုလှိုင်းဝင်းတို့သည် စေတနာရှင်များ၏ ငွေသားအလှူကို လက်ခံရရှိသည်ဟု သိရသည်။

အသက် ၁၀ နှစ်အရွယ် မခိုင်ဖြူဝင်းသည် လေးတန်းကျောင်းပညာကို သင်ကြားရင်း ကျန်းမာရေးကြောင့်အလုပ်မလုပ်နိုင်သည့် မိခင်၏ ပန်းရောင်းအလုပ်ကို လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးကို ကူညီဖြေရှင်းပေးနေသူ ဖြစ်သည်။

ယင်းကဲ့သို့ အသက်ငယ်ငယ်ဖြင့် မိသားစုအတွက် ဘဝကြမ်းကိုရင်ဆိုင်နေသည့် မခိုင်ဖြူဝင်း၏ အကြောင်းကို DMG မှ ဖော်ပြပြီးနောက် ပရဟိတကူညီဆောင်ရွက်နေသူ ကိုဝေဟန်အောင်မှတစ်ဆင့် လေးရပ်ဝတီ မျိုးဆက်သစ်လူငယ်များမှ ငွေသားအကူအညီပေးခဲ့ကြောင်း ကိုဝေဟန်အောင်က ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုလို ရေးသားထားသည်။

“ ခိုင်ဖြူဝင်း၊ လောကာနန္ဒာဘုရားအနီးပတ်ဝန်းကျင်မှာ စံပယ်ပန်းရောင်းပြီး မိသားစုကို လုပ်ကျွေးနေတဲ့ ကလေးမလေးအတွက် ဒီနေ့ ကျောင်းတွေ စဖွင့်တော့ သူ ပညာသင်ယူနိုင်ဖို့အတွက် မလေးရှားနိုင်ငံအခြေစိုက် "လေးရပ်ဝတီ(၁၇)မြို့နယ်၊ မျိုးဆက်သစ်လူငယ်များ"မှ ပေးပို့ထားတဲ့ ပညာသင်ထောက်ပံ့ငွေ - ၁၃၀၀၀၀၀ ကျပ် (တစ်ဆယ့်သုံးသိန်း) ကို သူ့မိသားစုလက်ထဲကို လွှဲပေးလိုက်ပါတယ်။ သမီးကလေးပညာတတ်မကြီးဖြစ်ပါစေ။ သူဖြစ်ချင်သော ကျောင်းဆရာမဖြစ်ပါစေ။ ” ဟု ရေးသားထားသည်။

မခိုင်ဖြူဝင်းသည် ကျောင်းဆရာမဖြစ်ချင်သော ဆန္ဒရှိပြီး လက်ရှိမှာ မိသားစု ဘဝရှေ့ရေးအတွက် စစ်တွေမြို့ လောကာနန္ဒာဘုရားအနီးတစ်ဝိုက်တွင် စံပယ်ပန်းရောင်းနေသည့် ရိုးသားကြိုးစားသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။

ဆက်လက်ပြီး ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်တွင် တဲအိမ်ငယ်လေးဖြင့် နေထိုင်နေသည့် မစုလှိုင်ဝင်းတို့သားမိနှစ်ဦးမှာ လင်ယောက်ျားမရှိဘဲ ဘဝကို ဆင်းဆင်းရဲရဲဖြင့် ဖြတ်သန်းနေရသည်။

မစုလှိုင်ဝင်းမှာ အသက် ၂ နှစ်ကျော် သမီးတစ်ဦးရှိပြီး သူမ၏အမျိုးသား ကိုဦးကျော်လှိုင်သည် မြန်မာစစ်တပ်ထံ ဖမ်းဆီးခံရပြီး ကုလားတန်မြစ်ကမ်းတွင် ခန္ဓာကိုယ်အပိုင်းအစဖြင့် အသက်ဆုံးရှုံးလိုက်ရ၍ ရဲနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းသို့ တိုင်ကြားကာ တရားမျှတမှုကို ရှာနေလျှက်ရှိသည်။

ယင်းအဖြစ်အပျက်များနှင့် သူမတို့၏ မိသားစုစားဝတ်နေရေးက လက်ရှိတွင် မည်ကဲ့သို့ ခက်ခဲနေသည်ကို DMG မှ ဖော်ပြပြီးနောက် CRRD center for rural research and development မှတစ်ဆင့် မအီမြို့မှ နဒီအောင်လံမိသားစု ကိုအောင်ကိုကိုပိုင်မှ အလှူငွေ ၅ သိန်းကျပ် ပေးခဲ့ကြောင်း CRRD ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုလို ဖော်ပြထားသည်။

“ အောင်ကိုကိုပိုင် (နဒီအောင်လံမိသားစု၊ မအီမြို့) (Pine Aung Ko Ko Pine အကောင့်ပိုင်ရှင်) မှ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ ယမန်နှစ်က ဖမ်းဆီး၊ သတ်ဖြတ်ခံခဲ့ရသော ဦးကျော်လှိုင်၏ ကျန်ရစ်မိသားစုဝင်များ စားသောက်နေထိုင်ရေးအခက်အခဲရှိကြောင်း ကြားသိရ၍ မိမိတို့ CRRD ရုံးအဖွဲ့မှတဆင့် အလှူငွေ ငါးသိန်းကျပ်ကို ပေးပို့လှူဒါန်းလာပါသည်။ ယင်းအလှုငွေများ ယနေ့ လက်ခံရရှိလာသည်နှင့် ချက်ချင်း ကာယကံရှင်မိသားစုထံ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။ အဆိုပါလှူဒါန်းမှူအတွက် အလှူရှင်မိသားစုများ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒအဝဝ ပြည့်စုံနိုင်ပါစီကြောင်း မိမိတို့အဖွဲ့မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ” ဟု ရေးသားထားသည်။

မစုလှိုင်ဝင်းသားမိနှစ်ဦးအကြောင်းကို ရေးသားတင်ဆက်ရာတွင် ကြည့်ရှုသူ ဝမ်းမီလီယံ လူတစ်သန်းကျော်သွားကြောင်း၊ DMG ၏ မီဒီယာသက်တမ်း ၁၀ နှစ်တာဖြတ်သန်းလာသည့် ကာလတစ်လျောက်တွင် လူတစ်သန်းကြည့်ရှုသည့် ဗီဒီယိုဖိုင် မရှိခဲ့ဖူးကြောင်း အယ်ဒီတာအဖွဲ့ထံမှ သိရသည်။

DMG ၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးအောင်မင်းဦးက “ DMG က သတင်းဖော်ပြလိုက်တဲ့အတွက် အဲဒီလို ဒုက္ခရောက်နေသူတွေ၊ အခက်အခဲရောက်နေသူတွေ၊ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ ငွေသားအကူအညီရရှိလို့ သိရတဲ့အတွက် ကျနော်အနေနဲ့ အရမ်းဝမ်းသာပါတယ်။ အဓိကတော့ DMG က ဖော်ပြတာက စစ်ရေးပဋိပက္ခမှာ မိသားစုတွေ၊ လင်ယောက်ျားတွေ အသတ်ခံရတာရှိတယ်။ ပြီးတော့ ဖမ်းဆီးချုပ်နှောင်ခံရတာရှိတယ်။ လုံးဝအစအန ပျောက်သွားတာတွေရှိတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေ၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲတွေ အများကြီးရောက်နေကြတယ်။ အဲဒီအခက်အခဲတွေကို အများသိအောင် အတတ်နိုင်ဆုံး ဖော်ပြပေးတာဖြစ်ပါတယ်။ ကျနော်တို့ တိုက်ရိုက်မကူညီနိုင်တောင်မှ သတင်းမီဒီယာအလုပ်နဲ့ အကူအညီပေးတာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်မှာက တိုက်ပွဲနှင့်မဆိုင်ဘဲ ပြည်သူများမှာ စီးပွားရေးအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း၊ ယခုလည်း ကိုဗစ်ကပ်ရောဂါကို ခံနေရပြီး စားဝတ်နေရေးအခက်အခဲများကို DMG မှ ဆက်လက် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။

မစုလှိုင်ဝင်းတို့မိသားစုအကြောင်းနှင့် မခိုင်ဖြူဝင်း၏ ရိုးသားကြိုးစားပြီး မိသားစုအား အထောက်အပံ့ပြုနေသည့် အကြောင်းတို့ကို ရေးသားတင်ဆက်ခဲ့သည့် သတင်းထောက်များမှာလည်း ၎င်းတို့ အကူအညီရရှိမှုအပေါ်တွင် ဝမ်းသာပိတိဖြစ်မိကြောင်းနှင့် မိမိတို့ မတတ်နိုင်သော်လည်း သတင်းမီဒီအလုပ်ဖြင့် ပြည်သူအား အလုပ်အကျွေးပြုရခြင်းအတွက် စိတ်ကြည်နူးမိကြောင်း ယင်းသတင်းထောက်များက ပြောသည်။

ရခိုင်ပြည်အနှံ့ လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုပြည့်ဝသော လူ့ဘောင်တစ်ခု ဖြစ်လာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအမွေအနှစ်၊ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု အခြေအနေများကို သတင်းမီဒီယာအခန်း ကဏ္ဍဖြင့် မြှင့်တင်ဖော်ထုတ်ပေးခြင်းအပြင် ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် ရုပ်သံအစီစဉ်များအား ထုတ်လွှင့်ရေးသားတင်ဆက်နိုင်မည့် လုပ်ငန်းစဉ်များကို အစဉ်တစိုက် လုပ်ဆောင်မည်ဟု DMG ၏ မူဝါဒတွင် ဖော်ပြထားသည်။

ဗီဒီယိုများ