မြောက်ဦးမြို့မှ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းမှ နာရေးကား တာဝန်ခံကို စစ်ကောင်စီကဖမ်းဆီး

ရခိုင်ပြည်၊ မြောက်ဦးမြို့ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းတွင် လိုအပ်သည့် နာရေးကားများကို တာဝန်ယူထားသည့် (ကားအသင်းဥက္ကဌ)ဖြစ်သူကို ယနေ့(အောက်တိုဘာလ ၆ ရက်) နံနက် ၆ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

06 Oct 2022

DMG ၊ အောက်တိုဘာ ၆

ရခိုင်ပြည်၊ မြောက်ဦးမြို့ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းတွင် လိုအပ်သည့် နာရေးကားများကို တာဝန်ယူထားသည့် (ကားအသင်းဥက္ကဌ)ဖြစ်သူကို ယနေ့(အောက်တိုဘာလ ၆ ရက်) နံနက် ၆ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်တွင် နေထိုင်သည့် အသက်(၅၄)အရွယ် ဦးကျော်ညွန့်ဖြစ်ပြီး ၎င်းနေအိမ်မှ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောဆိုသည်။

“ဒီနေ့မနက် ၆ နာရီလောက်က သူ့ကိုလာပြီးတော့ အိမ်ကနေဖမ်းသွားတာပါ။ သူက ဒီအသင်းမှာ ကားဥက္ကဌ တာဝန်ယူထားတယ်။ ဖမ်းသွားတာကတော့ စစ်သားတွေနဲ့ ရဲသားတွေက အိမ်ကနေဖမ်းသွားတာ။ ဘယ်ကို ခေါ်သွားလည်းဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

ဦးကျော်ညွန့်မှာ မြောက်ဦးမြို့ရှိ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းတွင် အရေးပေါ်လိုအပ်သည့် လူနာတင်ကားများကို ဥက္ကဌတာဝန်ယူကာ စီစဉ်ပေးနေနေသည်မှာ (၈)နှစ်ခန့်ရှိပြီးဖြစ်သည်။ ထိုသို့ ပရဟိတလုပ်ကိုင်နေသူများကို ဖမ်းဆီးနေခြင်းကြောင့် တခြားအသင်းဝင်များမှာလည်း စိုးရိမ်စရာ ဖြစ်လာနေကြောင်း ပရဟိတလုပ်ကိုင်နေသူများက ပြောသည်။

ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းမှ နောက်ထပ်တာဝန်ရှိသူတစ်ဦးက “သူက လူရိုး၊လူအေးတစ်ယောက်ပါ။ ဘာကြောင့်ဖမ်းသွားလဲမသိဘူး။ ကျနော်တို့ ပရဟိတသမားတွေက ဘယ်နေရာကိုမဆို သွားနေရတာ။ အခုဆိုရင် ပရဟိတအသင်းတွေ၊ အဖွဲ့အစည်းတွေကို ဖမ်းဆီးမှုတွေပိုများလာတယ်။ ကိုယ့်ကိုယ်ကို လုံခြုံမရှိဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ကလည်း မြောက်ဦးမြို့မဈေးကြီး၌ ဆေးဝါးရောင်းနေသည့် ရတနာပါလ နာရေးကူညီမှုဖောင်ဒေးရှင်းမှ ဦးကျော်ဆိုသူကို မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်ရေးတင်းမာနေပြီး ယခုရက်ပိုင်းအတွင်း ဒေသတွင်းမှ ပရဟိတသမားများ၊ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် ဒေသခံများကို မြန်မာစစ်တပ်က ဖမ်းဆီးမှုများရှိလာနေသည်။

ယခုကဲ့သို့ ပရဟိတလုပ်ကိုင်နေသူများကို ဖမ်းဆီးနေခြင်းမှာ ပြည်သူများကို ဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း ဝေဖန်သည်။

“အခုဆိုရင် မြို့ပေါ်ကလူတွေကို သူတို့(စစ်သား)က သတင်းရတဲ့သူတွေ သံသယဖြစ်တဲ့သူတွေကို တောက်လျှောက် ဖမ်းဆီးနေတာတွေရှိတယ်။ အဓိကတော့ နာမည်ထွက်နေတဲ့သူတွေ၊ အထူးသဖြင့် နာရေးကူညီမှုတွေ လုပ်နေတဲ့သူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကို ဦးတည်ပြီးတော့ ဖမ်းဆီးလာတာတွေကို တွေ့ရတယ်။ အဲဒါတွေဟာ သူတို့က ပြည်သူတွေအနေနဲ့ ULA/AA ကို လုံးဝ မဆက်သွယ်ဝံ့အောင်၊ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ အကူအညီမပေးဝံ့အောင်၊ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ပရဟိတအသင်းတွေကို မကူညီရအောင် လုပ်ဆောင်နေတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန် မင်းပြားမြို့မှ ထွက်လာသည့် သင်္ဂဟကမ်းလက်ရက္ခိတအသင်း ဥက္ကဌ ကိုအမ်းသားကြီး(ခ)ကိုသန်းရွှေကို မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည်။ လက်ရှိတွင် မြောက်ဦးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ပုဒ်မ ၅၀၅(က)ဖြင့် ၎င်းကိုအမှုဖွင့်ထားကြောင်း သိရသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးလကျော်အတွင်း မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိပြီး ယင်းအထဲမှ လူဦးရေ ၆၀ ကျော်မှာ ယနေ့အချိန်ထိ မလွတ်မြောက်ဘဲရှိနေသေးသည်။

ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများမှာလည်း သံသယဖြင့်ဖမ်းဆီးခံရမှု ဆက်လက် မြင့်တက်လာနေသည်။

ပုံစာ - ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းမှ နာရေးကားများကို တွေ့ရစဉ်။ Photo - ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်း။

ဗီဒီယိုများ