တပ်က ဝင်ရောက်စစ်ဆေးမှုကြောင့် ရွာသာယာကျေးရွာ ရွာလုံးကျွတ်ထွက်ပြေး

“လူတွေက မနေရဲတော့ဘူး။ စစ်တပ်က ရွာသာယာကလူတွေကို အထွက်အဝင်မလုပ်ဖို့ တားတာရှိတယ်။ စစ်ဆေးနေတာတွေရှိတယ်။ တစ်ချို့လူငယ်တွေ ဖုန်းပြောတာတွေတွေ့ရင် စစ်တပ်က မကျေနပ်ရင် ရိုက်နှိပ်စက်မှုတွေရှိတယ်။ ရွာပြင်ကိုမထွက်ရတော့ စားနပ်ရိက္ခာတွေပြတ်လာတယ်။ ဒါကြောင့် စစ်တပ်ကိုကြောက်တဲ့အတွက် ထွက်ပြေးကြတာ ”

By ခိုင်ရိုးလ 14 Nov 2019

(ဓာတ်ပုံ - မြင့်မိုး)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၄ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာ(ယောချောင်း)ကျေးရွာကို တပ်မတော်သားများ ဝင်ရောက်စစ်ဆေးမှုကြောင့် ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။

၎င်းကျေးရွာအတွင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ကာ ကျေးရွာဝင်/ထွက်သွားလာခွင့်များကို ပိတ်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မသင်္ကာသူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူ ၅ ဦးမှာ ဦးမောင်တင်ညွန့် ၄၁ နှစ်၊ ဦးမောင်လှမြင့် ၃၇ နှစ်၊ ဦးတင်မောင်ညွန့် ၃၇ နှစ်၊ ဦးခင်မောင်လေး ၄၈ နှစ်နှင့် ဦးတင်မြင့် ၄၆ နှစ်တို့ဖြစ်ပြီး ၎င်းတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ကျေးရွာသားများက ပြောသည်။

ယခု ဒုတိယအကြိမ်အနေဖြင့် တပ်မတော်မှ ကျေးရွာအတွင်းဝင်ရောက်စစ်ဆေးလာသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ရွာလုံးကျွတ်ထွက်ပြေးကြခြင်းဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

“လူတွေက မနေရဲတော့ဘူး။ စစ်တပ်က ရွာသာယာကလူတွေကို အထွက်အဝင်မလုပ်ဖို့ တားတာရှိတယ်။ စစ်ဆေးနေတာတွေရှိတယ်။ တစ်ချို့လူငယ်တွေ ဖုန်းပြောတာတွေတွေ့ရင် စစ်တပ်က မကျေနပ်ရင် ရိုက်နှိပ်စက်မှုတွေရှိတယ်။ ရွာပြင်ကိုမထွက်ရတော့ စားနပ်ရိက္ခာတွေပြတ်လာတယ်။ ဒါကြောင့် စစ်တပ်ကိုကြောက်တဲ့အတွက် ထွက်ပြေးကြတာ ” ဟု ဦးအောင်ဝင်းက DMG ကို ပြောသည်။

(ဓာတ်ပုံ - မြင့်မိုး)

ထွက်ပြေးလာသည့် ရွာသာယာကျေးရွာသားများမှာ မြေပုံမြို့ပေါ်သို့ လူဦးရေ ၂၀၀ ကျော်ခန့် ရောက်ရှိနေကြပြီး ထပ်မံ၍လည်း လာရောက်နေသူများရှိကြောင်း သိရိမင်္ဂလာမြို့မတောင်ကျောင်း ဆရာတော် ဦးဓမ္မပီယက DMG ကို မိန့်သည်။

“အခုတော့ ရွာသာယာက လူဦးရေ ၁၈၀ ခန့် ဦးဇင်းတို့ကျောင်းကိုရောက်နေပြီ၊ နောက်လည်းလာဖို့ ရှိသေးတယ်လို့သိရတယ်။ နောက်ထပ်တခြားကျောင်း မြို့မကုသေနာရုံရွာကျောင်းမှာ ၁၃၀ လောက် ရောက်နေပြီလို့သိရတယ် ” ဟု ဆရာတော်က မိန့်သည်။

ရွာသာယာကျေးရွာသားများမှာ ယမန်နေ့ကစပြီး ကိုယ်နည်းကိုယ့်ဟန်ဖြင့် ထွက်ပြေးနေကြခြင်းဖြစ်ကာ ယနေ့ထွက်ပြေးသူ ၇၀၀ ဦးခန့်ရှိနိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသာယာကျေးရွာသား တစ်ဦးက ပြောသည်။

“ဒီနေ့ဆိုရင် လူပေါင်း ၇၀၀ လောက် အနည်းဆုံးထွက်ပြေးနေကြတယ်လို့ အကြမ်းဖျင်းသိထားရတယ်။ သူတို့က စက်လှေနဲ့မထွက်ရတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ကြတာ။ မြေပုံ စစ်ဘေးရှောင်စခန်းကိုလည်း ရောက်နိုင်တယ်။ တခြားဆွေမျိုးရှိရာ ကျေးရွာတွေကိုလည်းရောက်နိုင်တယ်” ဟု ၎င်းကျေးရွာသားက ပြောသည်။

(ဓာတ်ပုံ - မြင့်မိုး)

ယခုကဲ့သို့ တပ်မတော်မှ ကျေးရွာအတွင်းဝင်ရောက်စစ်ဆေးနေမှုအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းနိုင်ရန်အတွက် DMG က နှစ်ရက်တိုင်တိုင် (နိုဝင်ဘာလ ၁၃၊ ၁၄ ရက်) ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆွယ်အသွယ်မရရှိသေးပေး။

ဗီဒီယိုများ