စစ်တပ်ကတရားစွဲဆိုထားသည့် ပလက်ဝဒေသခံအမှုတွင် တရားလိုကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး

စစ်တပ်ကတရားစွဲဆိုထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(မတ်လ ၂၃ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဗိုလ်ကြီး ထွန်းထွန်းနိုင်ကို ပြန်ခေါ်သက်သေအဖြစ်စစ်ဆေးခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် မိသားစုဝင်များထံမှ သိရသည်။

23 Mar 2022

DMG ၊ မတ်လ ၂၃

စစ်တပ်ကတရားစွဲဆိုထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့(မတ်လ ၂၃ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ဗိုလ်ကြီး ထွန်းထွန်းနိုင်ကို ပြန်ခေါ်သက်သေအဖြစ်စစ်ဆေးခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် မိသားစုဝင်များထံမှ သိရသည်။

ကိုတင်ထွန်းအောင်ကို ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(က)ဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ၎င်းစွဲချက်တင်ခံလိုက်ရသည့်အပေါ် အပြစ်မရှိကြောင်းငြင်းဆို၍ တရားလိုဖြစ်သူ ဗိုလ်ကြီးထွန်းထွန်းနိုင်အား ယနေ့မတ်လ ၂၃ ရက်ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ခြင်းသည်။

“ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေအဖြစ် ဗိုလ်ကြီးထွန်းထွန်းနိုင်ကို စစ်တယ်။ ဒီနေ့ကတော့ သူ့ကိုပြန်ပြီးမေးတာတွေ‌လောက်ပဲ ရှိခဲ့ပါတယ်။ အရင်ကစစ်ချက်တွေကို မစစ်ဆေးရသေးတဲ့ အတွက် ပြန်ပြီးစစ်ဆေးတာလောက်ပါပဲ။ တခြားလုပ်ခဲ့တာတွေတော့ မရှိပါဘူး။မနက်ဖြန်တော့ ကိုတင်ထွန်းအောင်ကိုစစ်မယ်။ စစ်လို့ရမယ်ဆိုရင်‌တော့ တစ်ခါတည်းတင်ထွန်း‌အောင်ဘက်က ခံပြသက်သေတွေကိုစစ်မယ့်ဟာ ရှိပါတယ်”ဟု ရှေ့နေသတင်းရင်းမြစ်တစ်ဦးက DMG ကိုပြောသည်။

အဆိုပါအမှုအား မနက်ဖြန် မတ်လ၂၄ ရက်နေ့ကို ပြန်လည်ရုံးချိန်းပေးထားပြီး ကိုတင်ထွန်းအောင်အပါအဝင် ခံပြသက်သေအဖြစ် ဦးမောင်သန်းနှင့် ဦးအောင်မြင့်တို့ကို စစ်ဆေးမည်ဖြစ်ကြောင်းလည်း မိသားစုဝင်တို့ထံမှသိရသည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးတရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ထိုသို့အလံဖြူထောင်သည့်ကိစ္စကိုပြောလိုက်ခြင်းအားဖြင့် တစုံတရာထိခိုက်မှုမရှိသည့်အတွက် ကိုတင်ထွန်းအောင်ကိုဖမ်းဆီးခြင်းမှာ တရားမျှတမှုမရှိ၍ အမြန်ဆုံးလွှတ်ပေးစေလိုကြောင်း မိသားစုဝင်များက DMG ကိုပြောသည်။

“အလံဖြူထောင်တဲ့ကိစ္စကကော ထိခိုက်မှုရှိခဲ့လို့လား။ ဒါကြောင့် သူရဲ့အမှုက မတရားအမှုလိုဖြစ်နေပါတယ်”ဟု မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

ပလက်ဝမြို့နယ်တွင် စစ်တပ်စခန်း၌ အလံဖြူထောင်ထားသည်ဟု သတင်းဌာနကိုအင်တာဗျူးဖြေဆိုခဲ့သဖြင့် ပထမတွင် ကိုတင်ထွန်းအောင်နှင့် အခြားတဦးတို့ကို စစ်တပ်ကဖမ်းဆီးခဲ့သည်။ သို့သော် တခြားအမျိုးသားတစ်ဦးကိုမူ ပလက်ဝမြို့မရဲစခန်းက စစ်ဆေးပြီးနောက်ပြန်လည်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ