ဖက်ဒရယ်အခြေခံမူရေးဆွဲရေးအလုပ်အဖွဲ့ကို PPST ပြန်လည်ဖွဲ့စည်း

မေလ ၂၇ နှင့် ၂၈ ရက် နှစ်ရက်ကြာပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ညှိနှိုင်းဆွေးနွေးပွဲမှာ ဖက်ဒရယ်အခြေခံမူရေးဆွဲရေးအလုပ်အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ကြောင်းနှင့် နောက်လာမည့်အစည်းဝေးတွင် အတည်ပြုချက်ရယူမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်းအရ သိရသည်။

28 May 2021

DMG ၊ မေ ၂၈

မေလ ၂၇ နှင့် ၂၈ ရက် နှစ်ရက်ကြာပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ညှိနှိုင်းဆွေးနွေးပွဲမှာ ဖက်ဒရယ်အခြေခံမူရေးဆွဲရေးအလုပ်အဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ကြောင်းနှင့် နောက်လာမည့်အစည်းဝေးတွင် အတည်ပြုချက်ရယူမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်းအရ သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီး၏ အမြင်သဘောထားများကို ဆွေးနွေးခဲ့ကာ EAO ၏ စုဖွဲ့မှုကိစ္စကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် NCA အသိသက်များဖြစ်သည့် နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကြားဝင်ဖျန်ဖြေစေ့စပ်ခြင်း ကိစ္စကိုလည်း အကျေအလည် ဆွေးနွေးပြီး လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

ယင်းအပြင် နိုင်ငံရေးအကျပ်အတည်းကို အစောတလျင်ဖြေရှင်းနိုင်ရန် ပြည်တွင်းပြည်ပ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

EAO စုဖွဲ့မှုတွင် ပါဝင်သည့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများကို ဆောင်ရွက်ရာမှာ လက်ရှိအခြေအနေကို သုံးသပ်ကာ သတိတရား၊ အသိတရားများဖြင့် ဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာညိုးနွမ်းပြီး မျက်နှာငယ်ရသည့်အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မေလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းသည့်အချိန်မှစ၍ မေလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၁၁၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၈၂၈ ဦးနှင့် ဖမ်းဆီးခံထားရသူ ၅၄၄၁ ဦးထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားသည်။

ထိုလုပ်ရပ်ကိုကြည့်မည်ဆိုပါက နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်တန့်ရန်ဆိုသောအချက်ကို စစ်ကောင်စီက မထီမဲ့မြင့်မျက်ကွယ်ပြုခြင်းပင်ဖြစ်ကြောင်း PPST ၏ ထုတ်ပြန်ချက်ကဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခု ပါဝင်သည့် NCA – S EAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဗီဒီယိုများ