ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်းတို့မှ စစ်ဘေးရှောင်များအတွက် ယခုရက်ပိုင်းအတွင်း ရိက္ခာပို့ဆောင်ပေးသွားမည်ဟု ICRC ပြော

ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် ယခုရက်ပိုင်းအတွင်း စားနပ်ရိက္ခာပို့ဆောင်ပေးဝေမှုများကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် DMG သို့ ပြောကြားသည်။

16 Aug 2021

Photo Crd - ICRC

DMG ၊ သြဂုတ် ၁၆

ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် ယခုရက်ပိုင်းအတွင်း စားနပ်ရိက္ခာပို့ဆောင်ပေးဝေမှုများကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် DMG သို့ ပြောကြားသည်။

ပြည်နယ်အာဏာပိုင်များနှင့် ICRC တို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ICRC ၏ ကူညီပေးနေမှုလုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်မည့် သဘောတူညီမှုများရရှိခဲ့သဖြင့် ယခုကဲ့သို့ စားနပ်ရိက္ခာထောက်ပံ့ရေးများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် ICRC အား ရိက္ခာထောက်ပံ့မှုရပ်တန့်ထားခြင်းကို ကောင်စီမှပြန်လည်ထောက်ပံ့ခွင့်ပေးထားပြီဖြစ်ပြီး ICRC မှ ထောက်ပံ့ပေးပို့သွားမည့်ပစ္စည်းများကိုလည်း လျင်မြန်စွာရောက်ရှိအောင် ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောသည်။

“ခွင့်ပြုချက်ရရင် ICRC အနေနဲ့လည်း နှစ်ရက်သုံးရက်အတွင်းရောက်အောင်သွားလိမ့်မယ်။ သူတို့မှာလည်း ကိုဗစ်စစ်ဆေးပြီးသားလူရှိနေရမယ်။ ခွင့်ပြုချက်ပေးပြီးရင်တော့ နှစ်သုံးရက်အကြာမှာ ရောက်သွားလိမ့်မယ်။ သွားမယ်ဆိုရင် ICRC မှာလည်း မော်တော်ကားတွေသွားလာဖို့ အခက်အခဲတွေရှိလိမ့်မယ်။ Check Point တွေမှာတင်ပြဖို့ အချက်အလက်တွေလိုတာပေါ့”ဟု ဦးသန်းထွန်းက ပြောသည်။

ပြည်နယ်ကောင်စီမှ ထောက်ပံ့မှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များတိုးချဲ့လိုက်ခြင်းကြောင့် စစ်ဘေးရှောင်များကို အဓိကထောက်ပံ့ပေးနေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အနေဖြင့် ရိက္ခာထောက်ပံ့မှုများကို သြဂုတ်လ ၁၁ ရက်နေ့တွင် ယာယီရပ်တန့်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ICRC မှ ရိက္ခာထောက်ပံ့မှုအား ရပ်တန့်ခဲ့ခြင်းအပြင် အခြားအဖွဲ့အစည်းများမှလည်း ကူညီထောက်ပံ့ပေးမှုများ နည်းပါးလာနေသည့်အခြေအနေများကြောင့် ရခိုင်ပြည်မှ စစ်ဘေးရှောင်ပြည်သူများသည် စားဝတ်နေရေး ပြဿနာအခက်အခဲများစွာတွေ့ခဲ့ရကြောင်း သိရသည်။

ICRC မှ စစ်ဘေးရှောင်စခန်းများတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၅၀ ကီလိုတစ်အိတ်၊ လောင်စာ(မီးသွေး) ၅၀ ကီလိုတစ်အိတ်နှင့် ဆီ ၄ လီတာ၊ ဆား၊ သကြားစသည့်ပစ္စည်းများကို လစဉ်ထောက်ပံ့ပေးနေခြင်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံ သိရသည်။

စစ်ဘေးရှောင်များမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ICRC ၊ WFP နှင့် အစိုးရ၏ ဘေးစီမံဌာနတို့မှ ထောက်ပံ့မှုများကိုအဓိကအားထားပြီး နေထိုင်စားသောက်နေကြရခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များထဲမှ လူဦးရေတစ်သိန်းကျော်မှာ လက်ရှိတိုက်ပွဲများရပ်တန့်နေသော်လည်း နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလျက်ရှိနေကြဆဲပင် ဖြစ်သည်။

ဗီဒီယိုများ