တက္ကသိုလ်နှင့် ကောလိပ်များကို ဒီဇင်ဘာလဆန်းပိုင်းတွင် ပြန်ဖွင့်မည်ဟု သတင်းထွက်ပေါ်

စစ်ကောင်စီမှ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်၊ ကောလိပ်များကို လာမည့်ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်လျက်ရှိသည်။

27 Nov 2021

DMG ၊ နိုဝင်ဘာ ၂၇

စစ်ကောင်စီမှ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်၊ ကောလိပ်များကို လာမည့်ဒီဇင်ဘာလဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်မှာ တက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်ကို ဆောင်ရွက်နေသည်။

အဆိုပါကျောင်းများ ပြန်ဖွင့်မည့်သတင်းနှင့်ပတ်သက်၍ ပညာရေးဌာနမှ တရားဝင်ညွှန်ကြားစာမရရှိသေးကြောင်း ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်အသိုင်းအဝိုင်းက ပြောသည်။

“တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကျန်ရှိတဲ့အတန်းတွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာဖွင့်လှစ်ဖို့ ကျောင်းတွေမှာအဆင်သင့်ပြင်ဆင်ထားဖို့ ညွှန်ကြားစာရောက်နေတယ်လို့တော့ကြားမိတယ်။ ဒါပေမဲ့ အဲဒီရက်မှာ ကျောင်းပြန်ဖွင့်ဖြစ်၊မဖြစ်ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးကပြောသည်။

တက္ကသိုလ်နှင့် ကောလိပ်များ ပြန်လည်ဖွင့်လှစ်မည်ဆိုပါက အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားကြကြောင်း သိရသည်။

စစ်တွေကွန်ပျုတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး ကိုမင်းစိုးလှိုင်က “ကျောင်းဖွင့်မယ်ဆို အဆင်ပြေအောင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ကျောင်းသားစာရင်းတွေကို ကောက်တာရှိတယ်။ လောလောဆယ် ကျောင်းဖွင့်မယ့်နေ့ကိုတော့ တရားဝင်ကြေညာတာမရှိသေးဘူး”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်နှင့် ကောလိပ်များမှ ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ကျောင်းတာဝန်ရှိသူများက စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်နှင့် ကောလိပ်မှ ကျောင်းသားကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ရှိအချိန်ထိ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ ၁၉ သိန်းခန့်ရှိသည့်အထဲမှ လူဦးရေငါးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီး ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဗီဒီယိုများ