ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ပလက်ဝမှ စာသင်ကျောင်းများ ယနေ့ ပြန်လည်ဖွင့်လှစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ်ကြောင့်ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

23 Jun 2021

DMG ၊ ဇွန် ၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ်ကြောင့်ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ကူးစက်သူလျော့နည်းလာခြင်းကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် သင်ခန်းစာများ နောက်မကျစေရန် ဇွန်လ ၂၃ ရက်နေ့မှစ၍ ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပလက်ဝမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးမင်းလိုက်က ပြောသည်။

"ဒီနေ့က စပြီးတော့ ကျောင်းတွေ အကုန်လုံး ဖွင့်တော့မယ်။ ပညာရေးမှူး၊ ကျန်းမာရေးမှူး၊ အုပ်ချုပ်ရေးမှူး အပိုင်းက လူတွေပေါင်းပြီးတော့ အစည်းဝေးမှာ ဆုံးဖြတ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံကို မနေ့ကစာတင်တယ်။ ခွင့်ပြုကြောင်းညွှန်ကြားစာ ကျလာတဲ့အတွက် ဒီနေ့ကစပြီး ကျောင်းတွေကို ပြန်ဖွင့်မယ်ပေါ့နော်။ စာလည်းထုတ်ထားပါတယ်" ဟု ဆိုသည်။

ကျောင်းပိတ်ထားချိန်ကာလအတွင်း ကျောင်းသား ကျောင်းသူများအနေဖြင့် သင်ခန်းစာများ နောက်မကျစေရန် စနေ၊ တနင်္ဂနွေနေ့များ၌ အစားထိုး စာသင်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပလက်ဝမြို့နယ်တွင် ကိုဗစ် ၁၉ ပိုးကူးစက်ခဲ့သည့်အတွက် အခြေခံပညာကျောင်းများကို ခဏတာ ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ကျောင်းများကို အမြန်ဆုံး ဖွင့်လှစ်နိုင်အောင်စီစဉ်နေကြောင်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောသည်။

"ကျနော်တို့က ကလေးတွေရဲ့အနာဂတ် ပညာရေးမနှောင့်နည်းအောင်လို့ ကလေးတွေမှာလည်း ရည်မှန်းချက်ရှိတယ်လေ။ ဥပမာ အသက် ၁၅ နှစ်မှာ ဆယ်တန်းအောင်ရမယ် အသက်၂၀ မှာဘွဲ့ရရမယ် လုပ်ငန်းခွင်ဝင်ရမယ် သူ့ဘဝရှေ့လမ်းခရီး ဆက်လျှောက်ဖို့ ရည်မှန်းချက်တွေရှိကြမယ်။ ဒါကြောင့် ကလေးတွေရဲ့ပညာရေး မနှောင့်နည်းဖို့ အမြန်ဆုံးဖွင့်ချင်တယ်။ ကိုဗစ်တွေ့ခဲ့လို့သာ ခဏတဖြုတ် ပိတ်ထားခဲ့တာ" ဟု ဆိုသည်။

ပလက်ဝမြို့နယ်တွင် ကိုဗစ် ၁၉ ကူးစပ်မူ လျော့ကျစေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားလာခြင်းကြောင့် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစပြီး ရက်အကန့်သတ်မရှိ ကျောင်းများကိုယာယီပိတ်ခဲ့ရခြင်းဖြစ်သည်။

ဗီဒီယိုများ