ကျောင်းများပြန်ဖွင့်ချိန်အသင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးပြော

ရခိုင်ပြည်နယ်ရှိ အခြေခံကျောင်းများအားလုံးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ရန်နှင့် ဆရာ၊ ဆရာမ အားလုံး ကျောင်းတက်ရောက်ရန်ညွှန်ကြားခြင်းမဟုတ်ဘဲ ကျောင်းများပြန်ဖွင့်ချိန် အသင့်ဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် ညွှန်ကြားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

22 Feb 2021

DMG | ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်ရှိ အခြေခံကျောင်းများအားလုံးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ရန်နှင့် ဆရာ၊ ဆရာမ အားလုံး ကျောင်းတက်ရောက်ရန်ညွှန်ကြားခြင်းမဟုတ်ဘဲ ကျောင်းများပြန်ဖွင့်ချိန် အသင့်ဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် ညွှန်ကြားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အခြေခံပညာရေးဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူးရုံးသို့ ညွှန်ကြားလာသည့် စာတွင် အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး အလေးထား ဆောင်ရွက်ရန်၊ ကျောင်းဖွင့်ချိန်အသင့်ဖြစ်စေရန် စာသင်ခန်းများနှင့် ကျောင်းခြံစည်းရိုးများကို ပြင်ဆင်ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုသည်။

ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက “ကျောင်းများ ပြန်ဖွင့်နိုင်ရေးဆိုတဲ့အတွက်ကြောင့် ကျောင်းဖွင့်ဖို့ အစီ အစဉ်ကိုကြိုတင်ပြီးတော့ ကျောင်းဥပဓိရုပ်ကောင်းအောင်ဆောင်ရွက်ဖို့အတွက် ဆရာ၊ဆရာမတွေကို ကျနော်တို့က ကျောင်းတွေကိုလာရောက်ဖို့ခေါ်တာ။ ဒီစာကို ခရိုင်နဲ့မြို့နယ်ကို အဆင့်ဆင့်ပို့ပေးတဲ့အခါမှာ တစ်ချို့တစ်ချို့တွေက မူလထွက်လာတဲ့စာအတိုင်းမရေးဘဲ ကိုယ့်သဘောနဲ့ကိုယ်စာလုံးတွေကို နည်းနည်း လွှဲပြောင်းလိုက်တဲ့အခါကျတော့ အဓိပ္ပာယ်ကောက်ယူမှုတွေ တစ်လွဲတစ်ခြားစီဖြစ်သွားတယ်” ဟု ဆိုသည်။

မင်းပြားမြို့နယ်ပညာရေးမှူးက ဦးကျော်ထွန်းအောင်က ဆရာ၊ဆရာမများအား ကျောင်းတက်ရောက်ရန် ညွှန်ကြားထားခြင်းမဟုတ်သည့်အတွက် ကျောင်းသို့ရောက်ရှိသူများလည်းရှိသလို မရောက်ရှိသည့် ဆရာ၊ ဆရာမများလည်းရှိကြောင်း ပြောသည်။

“ကျနော်တို့ကို ဒီနေ့ကျောင်းဖွင့်မယ်၊ ကျောင်းတက်ရမယ်ဆိုပြီး အထက်ကညွှန်ကြားထားတာမဟုတ်ဘူး။ ကျောင်းဖွင့်ဖို့အတွက် ဆရာ၊ဆရာမတွေကို ကြိုတင်ပြင်ဆင်ဖို့အတွက် လွှတ်တာပါ။ ကျောင်းဖွင့်တဲ့အခါ အသင့်ဖြစ်နေဖို့အတွက်သွားခိုင်းတာပါ။ ကျောင်းကိုတက်ရမယ့်လို့တော့ မဆိုလိုသေးပါဘူး။ ကျောင်းဖွင့်မယ့် ရက်ကိုလည်း မညွှန်ကြားထားသေးပါဘူး။ ကျနော်တို့ မင်းပြားမြို့နယ်မှာတော့ ရောက်တဲ့ဆရာမတွေလည်း ရှိတယ်။ တစ်ချို့ဆို ခရီးလွန်နေတဲ့အတွက် မရောက်တဲ့သူတွေလည်းမရောက်ကြဘူး” ဟု ၎င်းကဆိုသည်။

သို့သော် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ဆရာ၊ဆရာများထံသို့ ဖုန်းဆက်အကြောင်းကြားရာတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီတွင် ကျောင်းသို့အရောက်လာကြရန်နှင့် မရောက်ရှိသူများနှင့် ရောက်ရှိသူများ၏စာရင်းများအား ရုံးကိုစာရင်းပို့ရန် ညွန်ကြားထားကြောင်း ပြောဆိုခဲ့သည်ဟု ဆရာ၊ဆရာမများ ထံမှ သိရသည်။

သံတွဲမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက “ကျောင်းအုပ်ကြီးက ပထမတော့ ၂၂ ရက်နေ့ကျောင်းကို အရောက် လာရမယ်ဆိုပြီး ဖုန်းနဲ့လှမ်းပြောတာပေါ့။ အဲဒီလိုပြောပြီးမှ ကျောင်းကိုတက်စရာမလိုတော့ဘူးဆိုပြီး အွန်လိုင်းမှာ သတင်းတွေတက်လာတယ်။ ကျမတို့လည်း ဟုတ်၊မဟုတ်ကိုအတည်မပြုနိုင်သေးဘူးပေါ့။ ညနေပိုင်း ၈ နာရီအချိန်ကျတော့ ကျောင်းကိုသွားစရာမလိုတော့ဘူးလို့ ဆရာမကြီးကဖုန်းပြန်ဆက်လာတယ်’’ ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၌ ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၀ ခုနှစ် ဇွန်လအတွင်းမှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ