တပ်က ခေါ်သွားသည့် ကျောက်ဖြူဒေသခံတစ်ဦး ပြန်လည်လွတ်မြောက်လာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ တပ်မတော်ကဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးမှာ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 28 Jul 2020

မျိုးသီရိကျော် | DMG
ဇူလိုင် ၂၈ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ တပ်မတော်ကဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးမှာ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

“သူက ကျောက်ဖြူဖက်က လာတာပါ။ တပ်မတော်သားတွေက ကားနဲလမ်းတစ်ဝက်လောက် ပို့လာတယ်။ အဲဒီလမ်းမှာ ရွာကလူတစ်ယောက်နဲ့တွေ့လို့ ရွာကိုခေါ်လာခဲ့တာပါ ”ဟု လိပ်ခမော်ကျေးရွာမှ ဦးမောင်မြင့်က ပြောသည်။

တပ်မတော်သား အင်အား ၆၀ ခန့်သည် ဇူလိုင် ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် လိပ်ခမော်ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ ရွာသူရွာသားများကို ဘုန်းတော်ကြီးကျောင်းတွင် စစ်ဆေးခဲ့ပြီး အသက် (၂၀)ခန့် ရှိသည့် ကိုစိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ ကိုစိုးအောင်လွတ်မြောက်လာသည့်အတွက် ဝမ်းသာကြောင်း ဦးမောင်မြင့်ကဆိုသည်။

တပ်မတော်မှ ရွာအတွင်း ဝင်ရောက်စစ်ဆေးမှုကြောင့် ရွာသားများကြောက်လန့်ကာ ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးမှုများရှိခဲ့သော်လည်း ယနေ့ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း အေအေနှင့်ဆက်နွယ်သည်ဆိုသော သံသယဖြင့် ယခုနှစ်အတွင်း ဖမ်းဆီးမှုအများအပြား ရှိနေသည်။

ဗီဒီယိုများ