ရခိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းအမြောက်အများပျက်စီး၊ အရေးပေါ်အကူအညီများလိုအပ်နေ

မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် ယနေ့(ဧပြီလ ၂၀ ရက်)နေ့လည်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်၊ စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

20 Apr 2022

DMG ၊ ဧပြီ ၂၀

မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် ယနေ့(ဧပြီလ ၂၀ ရက်)နေ့လည်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်၊ စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့၊ မြတန်ဆောင်းကယ်ဆယ်ရေးစခန်းတွင် တဲအိမ် ၃၀ ကျော်မှာ လုံးဝပျက်စီးသွားပြီး တဲအိမ် ၁၅၀ ကျော်မှာလည်း အိမ်‌ခေါင်မိုးများ ပွင့်ထွက်သွားသည်ဟု မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက မိန့်သည်။

“အဲဒီတဲအိမ်တွေက ဆွေးမြေ့နေပြီ၊ ပြန်ဆောက်ရမယ့်အချိန်ရောက်နေပြီ။ ခိုင်မာမှုမရှိချိန် အခုလိုလေပြင်းတိုက်ခတ်လိုက်တော့ ပိုပြီးတော့ပြိုပျက်သွားတာပေါ့။ တချို့သူတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီနေဖို့စီစဉ်ပေးထားပါတယ်”ဟု ဆရာတော်က DMG သို့မိန့်သည်။

ထို့ပြင်အိမ်ထောင်စု ၇၀၀ ကျော်ရှိသည့် မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင်လည်း တဲအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကိုကောက်ယူနေဆဲဟု စခန်းတာဝန်ခံ ဦးညီပုကပြောသည်။

“တဲအိမ်တွေကတော့ အများကြီးပျက်စီးသွားတယ်။ ဘယ်လောက်အတိုင်းတာထိ ပျက်စီးသွားတယ်ဆိုတာကို စာရင်းကောက်နေပါတယ်။ နေအိမ်တခုလုံးပျက်စီးသွားတဲ့သူတွေအတွက်တော့ အနီးနားက ဘုန်းကြီးကျောင်းမှာနေဖို့စီစဉ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ် ၂၅၉ ဆောင်ရှိသည့်အနက် ၁၆၀ ကျော်မှာ ပျက်စီးဆုံးရှုံးသွားသဖြင့် စစ်ဘေးရှောင်များဒုက္ခရောက်နေကြရသည်ဟု စခန်းတာဝန်ခံ ဦးဝင်းနိုင်ကပြောသည်။

“အခုတော့ ICRC က တာပေါ်လိပ်တွေပေးလာတဲ့အတွက် တစ်ဆောင်လုံးပျက်စီးသွားတဲ့အိမ်တွေကို ဦးစားပေးပြီးပြုပြင်ပေးနေပါတယ်။ အကုန်လုံးကိုပြုပြုဖို့အတွက်တော့ ဌာနဆိုင်ရာတွေနဲ့ ပြည်တွင်းပြည်ပရောက် အလှူရှင်တွေအနေနဲ့ ကူညီပေးဖို့တောင်းဆိုချင်ပါတယ်။ မဟုတ်ရင်တော့ အရင်ကထက်ပိုပြီး ဒုက္ခရောက်သွားပါမယ်”ဟု ၎င်းကဆိုသည်။

အလားတူ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း တဲအိမ် ၇၀ ကျော်ခန့် ပျက်စီးဆုံးရှုံးသွားပြီး တဲအိမ်များပြန်လည်ဆောက်လုပ်ရန် ငွေကြေးအခက်အခဲရှိသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးလှဖြူကပြောသည်။

“တဲအိမ်ကတော့ အကုန်လုံးပျက်စီးသွားတယ်လို့ပြောရမယ်။ အဲဒီတဲအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက်တော့ ငွေကြေးအကူအညီလိုအပ်ပါတယ်။ စားဖို့တောင်မရှိတဲ့အထဲ နေအိမ်ပါပျက်စီးသွားတော့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်သွားတယ်ပေါ့ဗျာ“ဟု ၎င်းကဆိုသည်။

အဆိုပါအားကောင်းသည့် လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်အထက်တန်းစာသင်ကျောင်းမှာလည်း ပျက်စီးရှုံးမှုရှိခဲ့ပြီး ကျောင်းဆောင်ဝရံတာတွင်မိုးထားသည့်  သွပ်မိုးများလွှင့်ထွက်သွားသည်ဟု ဒေသခံများကဆိုသည်။

ထိုသို့လေပြင်းတိုက်ခိုက်မှုကြောင့် အဆိုပါမြို့နယ်များတွင် နေအိမ်တစ်ချို့နှင့် ဈေးဆိုင်ခန်းများလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ ဒေါ်မကျော့လှိုင်က "ဆိုင်တန်းတွေအကုန် လေနဲ့ပါသွားပြီ။ တဈေးလုံးနီးပါးပါပဲ။ ခေါင်းမိုးတွေအကုန်လွင့်ထွက်ကုန်ပြီ။ လေကတအားပြင်းတော့ သာမန်အတိုင်းဆောက်ထားတဲ့ဆိုင်တန်းတွေက မခံနိုင်ဘူး။ အကုန်လုံးပြိုတာပဲ"ဟုဆိုသည်။

ပျက်စီးဆုံးရှုံးသွားသည့် စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်များ၊စာသင်ကျောင်းဆောင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။

ဗီဒီယိုများ