ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခဲ့သည့် အရပ်သား ၂၅ ဦးကို AA က ပြန်လွှတ်ပေး

“လောလောဆယ်တော့ ကျနော်တို့ဘက်မှ စစ်ဘက်နဲ့ပတ်သက်တဲ့ လူတချို့တော့ ကျန်သေးတယ်။ သို့သော်လည်း ဒီကိစ္စဟာ စစ်ဘက်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အတွက် လောလောဆယ်မှာ အရေအတွက်ကို ထုတ်ပြောဖို့ အစီစဉ်မရှိသေးဘူး” ဟု ခိုင်သုခက ပြောသည်။

By ချလူးအောင်၊ နေဝင်းစံ 05 Nov 2019

နေဝင်းစံ၊ ဝံသ(မောင်တော) | DMG

နိုဝင်ဘာ ၅ ၊ ဘူးသီးတောင်

ရွှေနဒီအမြန်ရေယာဉ်ဖြစ်စဉ်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့သည့် အရပ်သား ၂၅ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီအချိန်က ဘူးသီးတောင်မြို့နယ်တွင် ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေ-ဘူးသီးတောင်ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ကို အေအေက တားဆီးကာ အရပ်သားနှင့် စစ်ဘက်ဆိုင်ရာလူများကို ခွဲခြားပြီး စက်လှေပေါ်တင်နေစဉ် တပ်မတော်က ရဟတ်ယာဉ်သုံးစီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အေအေက ဆိုသည်။

ယင်းသို့ ရဟတ်ယာဉ်နှင့်ပစ်ခတ်မှုတွင် အေအေက ခေါ်ဆောင်လာခဲ့သည့် အရပ်သား ၂၅ ဦးကို ဘူးသီးတောင်မြို့နယ်တွင် ငွေတောင်ရွာတွင် ယနေ့လွှတ်ပေးခဲ့ကြောင်း အေအေပြောခွင့်ရသူက ပြောသည်။

“အရပ်သားစစ်စစ် ၂၅ ဦးကို ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာမှာ အုပ်ချုပ်ရေးမှူးရဲ့လက်ထဲကို ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးခဲ့ပြီဖြစ်တယ်။ ခရီးစရိတ်အနေနဲ့လည်း တစ်ဦးကို တစ်သောင်း ငါးထောင်စီ ထုတ်ပေးလိုက်တာရှိတယ်။ သူတို့လာတုန်းက ပါလာတဲ့ဖုန်းနဲ့ တစ်ခြားပစ္စည်းတွေကိုလည်း တစ်ခုမကျန် ပြန်လည်ပေးအပ်လိုက်တယ်” ဟု ခိုင်သုခက ဆိုသည်။

ထိုသို့ အေအေမှ လွှတ်ပေးခဲ့သည့် အရပ်သားများကို ဘူးသီးတောင်မြို့နယ် ကြက်ခြေနီအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့တို့မှ သွားရောက်ခေါ်ဆောင်နေကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းထံမှ သိရသည်။

ရွှေနဒီအမြန်ယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူများထဲတွင် အေအေထံ၌ နောက်ထပ်အရပ်သားတစ်ဦးမျှ မရှိတော့ ကြောင်း အေအေပြောခွင့်ရသူက ပြောကြားသည်။

“လောလောဆယ်တော့ ကျနော်တို့ဘက်မှ စစ်ဘက်နဲ့ပတ်သက်တဲ့ လူတချို့တော့ ကျန်သေးတယ်။ သို့သော်လည်း ဒီကိစ္စဟာ စစ်ဘက်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အတွက် လောလောဆယ်မှာ အရေအတွက်ကို ထုတ်ပြောဖို့ အစီစဉ်မရှိသေးဘူး” ဟု ခိုင်သုခက ပြောသည်။

၎င်းအမြန်ရေယာဉ်ဖမ်းဆီးမှုတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၁၃ ဦးတို့ကို အေအေကဖမ်းဆီးခဲ့ကြောင်း အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားပါတယ်။

အေအေက အမြန်ရေယာဉ်ပေါ်မှ အရပ်သား၊ စစ်ဘက်ဆိုင်ရာလူအချို့ကို ဖမ်းဆီးခေါ်ဆောင်ရန် စက်လှေပေါ် တင်ဆောင်နေစဉ် တပ်မတော်မှရဟတ်ယာဉ်သုံးစင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် အေအေတပ်ဖွဲ့ဝင်များ အပါအဝင် စက်လှေ ၃ စီးတွင် ပါလာသူများမှာ သေဆုံးသူများရှိခဲ့ပြီး ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ကြရကာ ဖမ်းဆီးထားသူများထဲမှ အများအပြား သေဆုံးခဲ့ရကြောင်း အေအေက ထုတ်ပြန်ထားသည်။

သို့သော် သေဆုံးသူအရေအတွက် မည်မျှဖြစ်သည်ကို တိကျစွာ ဖော်ပြသိရှိရခြင်းမရှိဘဲ ၎င်းဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်လာသူ ၁၅ ဦးရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အစိုးရသတင်းစာများ၏ ထုတ်ပြန်ချက်၊ တပ်မတော်၏ထုတ်ပြန်ချက်၊ အေအေ၏ထုတ်ပြန်ချက်များကို ကိုးကား ချက်အရ ရွှေနဒီအမြန်ရေယာဉ်ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အရပ်သားနှင့် အခြား စုစုပေါင်း ၅၈ ဦးအထိရှိသည်။

ထို့အထဲမှ ယခုအေအေကလွှတ်ပေးသူအရပ်သား ၂၅ ဦးရှိပြီး ထွက်ပြေးလွှတ်မြောက်လာသူ ၁၅ ဦးရှိသဖြင့် ကျန် ၁၈ ဦးမှာ သေဆုံးခဲ့သူများနှင့် လက်ရှိအေအေထံတွင် ကျန်ရှိနေသည့် အရေအတွက်ထဲတွင် ပါဝင်သည်။

ဗီဒီယိုများ