AA မှ ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင် ၄ ဦးပြန်လွတ်လာ

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၏ ပြည်နယ်စည်းရုံးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးအပါအဝင် အဖွဲ့ဝင် ၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း ALP မှ ဗိုလ်မှူးကြီး ခိုင်စိုးမြက DMG သို့ ပြောသည်။

By အောင်ထိန် 02 Jan 2021

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်၏ ရဲဘော်အချို့အားတွေ့ရစဉ်။(ဓာတ်ပုံ-ALP)

အောင်ထိန် | DMG
ဇန်နဝါရီ ၂ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၏ ပြည်နယ်စည်းရုံးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးအပါအဝင် အဖွဲ့ဝင် ၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း ALP မှ ဗိုလ်မှူးကြီး ခိုင်စိုးမြက DMG သို့ ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများသည် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)မှ ပြည်ပစည်းရုံးရေးကော်မတီအဖွဲ့ဝင် ခိုင်ဝင်းလှိုင်၊ ပေါက်တောမြို့နယ်၊ ရပက်ချိုင်ကျေးရွာမှ ခိုင်မောင်ခင်ဝင်း၊ ခိုင်မောင်လုံးနှင့် ခိုင်မင်းမြတ်စံတို့ ဖြစ်ကြသည်။

ရဲဘော် ခိုင်မောင်ခင်ဝင်း၊ ခိုင်မောင်လုံး၊ ခိုင်မင်းမြတ်စံတို့သည် ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် လွတ်မြောက်လာခြင်းဖြစ်ပြီး ခိုင်ဝင်းလှိုင်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က လွတ်မြောက်လာခြင်းဖြစ်ကြာင်း ဗိုလ်မှူးကြီး ခိုင်စိုးမြကပြောသည်။

“တစ်စုံတစ်ရာသဘောတူညီချက်တော့ အေအေအဖွဲ့နဲ့ယူတာမရှိဘူး။ သူ့ကိုအပြစ်ရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ သို့သော် ဘာအပြစ်ပေးပြီး ဘယ်လိုလွတ်လာတယ်ဆိုတာကိုတော့ ကျွန်တော်တို့ တစ်စုံတစ်ရာမေးမြန်း စစ်ဆေးချက်တော့ မလုပ်ရသေးဘူး” ဟု ဗိုလ်မှူးကြီး ခိုင်စိုးမြကဆိုသည်။

ALP/ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်နယ်၊ ပေါက်တော်မြို့နယ်၊ ရပက်ချိုင်ကျေးရွာမှ ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို မေလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ခိုင်ဝင်းလှိုင်ကို မေလ ၃၁ ရက်နေ့တွင်လည်းကောင်း AA မှ ဖမ်းဆီးသွားကြောင်း ALP က ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့ ည ၈ နာရီခန့်အချိန်တွင် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (National Security Organization-Taungup Township)ဆိုသည့် Facebook Page တစ်ခုမှ ဦးဝင်းလှိုင်အား ခေါင်းရောင်းခေါင်းဝယ်စနစ်ဖြင့် သုတ်သင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းဆိုသည့် Facebook Page ကို မည်သူက ကိုင်တွယ်နေသည်ကို မသိရှိရပေ။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ALP အနေဖြင့် စိုးရိမ်မှုများရှိခဲ့ပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်များ ကောင်းကောင်းမွန်မွန် ပြန်လွတ်လာသည့်အတွက် ဝမ်းသာကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောသည်။

“ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းနှစ်ခုကြားမှာ အခုလိုမျိုး မဖြစ်သင့်ဘူး။ ဥပမာ- ALP ကလူကို AA က သော် လည်းကောင်း၊ AA ကလူကို ALP ကသော်လည်းကောင်း တစ်စုံတစ်ရာမလိုအပ်ဘဲ မုန်းတီးမှု စကားတွေပြောတာရှိရင်လည်း တစ်ဖွဲ့ကိုတစ်ဖွဲ့ အကြောင်းကြားပြီး ပြောဆိုပြီးခါမှ ကိုင်တွယ်တာ ကောင်းပါတယ်။ အခုအေအေက ပြန်လွှတ်ပေးလိုက်တဲ့အတွက်ကြောင့်လည်း ကျွန်တော်တို့ အထူးဝမ်းသာ ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းကလည်း ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူးတစ်ဦး အပါအဝင် ၅ ဦးကို ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့သည်။

ယင်းနောက် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ALP ၏ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA)မှ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော်တို့ကို ပြန်လွှတ်ပေးခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဗီဒီယိုများ