အင်တာနက်လိုင်း အဆင်မပြေသည့် နေရာများတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကြည့်ရန် အခက်အခဲများရှိနေ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို လာမည့် သြဂုတ်လ (၉)ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာန၏ အင်တာနက်ဝက်ဆိုဒ်မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

05 Aug 2020

ခင်သရဖီဦး | DMG
သြဂုတ် ၅ ၊ စစ်တွေ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို လာမည့် သြဂုတ်လ (၉)ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာန၏ အင်တာနက်ဝက်ဆိုဒ်မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Covid-19 ရောဂါကာကွယ်တားဆီးရေး ဦးစာပေးဆောင်ရွက်နေသည့် ကာလဖြစ်သောကြောင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများကို ယခင်နှစ်များကဲ့သို့ အခြေခံပညာအထက်တန်းကျောင်းများတွင် ကပ်ခွင့်မပြုဘဲ ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်မှ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ၊ ရေဒီယိုအစီအစဉ်၊ Skynet education chanel တို့မှလည်း အောင်စာရင်း ထွက်သည့်နေ့တွင် ကြေညာပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းမှ ကျောင်းသားများမှာ အောင်စာရင်းကြည့်နိုင်မည့် အခြေအနေ မရှိကြောင်း ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို ထားသူ မကြည်ကြည်လှက DMG သို့ ပြောသည်။

“ရွာကနေပြေးလာတုန်းက ရေဒီယိုတွေ၊ တီဗွီတွေယူဖို့မပြောနဲ့ အသက်လွတ်အောင်တောင် မနည်းပြေးလာခဲ့ ရတာ။ တကယ်လို့ ရုပ်မြင်သံကြားကနေတစ်ဆင့် နားထောင်မယ်ဆိုရင်လည်း တပြည်နယ်လုံးက ကျောင်းသား စာရင်းတွေကိုကြေညာတဲ့အထဲမှာ ကိုယ့်နာမည်က ဘယ်နားမှာ ပါလာမယ်မှန်းမသိတော့ လုံးဝအဆင်ပြေမယ် မထင်ဘူး ”ဟု မကြည်ကြည်လှက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များတွင် တစ်နှစ်ကျော်ကြာ အသုံးပြုခွင် ပိတ်ပင် ထားသည့် အင်တာနက်ဝန်ဆောင်မှုများကို ယခု(သြဂုတ်လ) ၁ ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း 2G သာ ရရှိသဖြင့် အင်တာနက်သုံးစွဲရာတွင် အဆင်မပြေသေးကြောင်း ဒေသခံများကပြောဆိုကြသည်။

ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားသူ မလှဆန်းယဉ်က “Online က ကြေညာပေးမယ်ဆိုရင် အင်တာနက်လိုင်းကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်အောင် လုပ်ပေး စေချင်ပါတယ်။ အခုက လိုင်းမကောင်းတော့ ဘာမှမမြင်ရဘူး ”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို 2G သာ သုံးစွဲခွင့်သာပြုထားသဖြင့် အင်တာနက်သုံးစွဲခွင့် အပြည့်အဝ မရရှိသေးပေ။

ယင်းအပြင် ကျေးရွာတစ်ချို့မှကျောင်းသားများ မြို့ပေါ်သို့သွားရောက်ကာ အောင်စာရင်းကြည့်မည် ဆိုလျှင်လည်း လမ်းခရီးတွင် စစ်ဆေးမှုများရှိသဖြင့် စိုးရိမ်မှုများရှိနေကြသည်။

မြောက်ဦးမြို့နယ် ဥက္ကံကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ထွေးထွေးလေးက “အခုက Online က ကြည့်ရမယ်ဆိုတော့ အဆင်မပြေဘူး။ နောက်ပြီး မြို့ကိုသွားပြီးကြည့်မယ်ဆိုလည်း လမ်းခရီးမှာ အစစ် အဆေးတွေရှိတော့ အဆင်မပြေပါဘူး ”ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းများကို Online မှ ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် ကျန်းမားရေးဝန်ကြီးဌာန၏ညွန်ကြားချက်နှင့်အညီ သက်ဆိုင်ရာစာစစ်ဌာန ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် အောင်စာရင်းများကို ကပ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၀၀၀ ကျော် ဖြေဆိုရန်စာရင်းပေးခဲ့ပြီး ဖြေဆိုရန်ပျက်ကွက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၄၀၀၀ ကျော်ရှိခဲ့သည်။

ဗီဒီယိုများ