ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်နိုင်ရန် ဗဟိုကိုဗစ်ထိန်းချုပ်ရေးကော်မတီထံ စာတင်ထားကြောင်း ပြည်နယ်အစိုးရပြော

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ယနေ့ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ စာတင်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

By မျိုးသီရိကျော် 12 Jan 2021

၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းကပင် လက်ရှိအချိန်အထိ ယာယီပိတ်ထားသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ်။

မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ယနေ့ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ စာတင်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ ယာယီပိတ်ထားသဖြင့် ယင်းစခန်းများကို မှီခိုလုပ်ကိုင်နေသူများမှာ အခက်အခဲ ဖြစ်လာခြင်း၊ ကုန်သွယ်ရေးလုပ်ငန်းရှင်များ ဆုံးရှုံးနစ်နာမှုများပြားလာနေကြောင်း ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

လတ်တလောတွင် ကိုဗစ်ရောဂါကူးစက်မှုမှာ အတိုင်းအတာတစ်ခုထိ လျော့ဆင်းလာခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်ဖွင့်နိုင်ရန်အတွက် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီထံ စာတင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးဦးကျော်အေးသိန်းက ဆိုသည်။

“လက်ရှိ ရခိုင်ပြည်နယ်မှာက ကိုဗစ်လည်းလျော့နည်းလာတယ်ပေါ့နော်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကို ပိတ်ထားတာလည်းကြာပြီဆိုတော့ နယ်စပ်ကုန်သွယ်ရေးလုပ်တဲ့သူတွေအနေနဲ့ စီးပွားရေးထိခိုက်နစ်နာ နေတာရယ်၊ သောင်တင်နေတဲ့ တချို့ပစ္စည်းတွေက ကြာလာလို့ရှိရင် ဈေးကွက်လည်းပျောက်သွားနိုင်တယ်။ အဲဒါကြောင့်ပါ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ နယ်စပ်ကုန်သည်ရေးလုပ်ငန်းရှင်များ၊ ကုန်သည်ရေးနှင့်ဆက်စက်သူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပြည်နယ်အစိုးရရုံး၌တွေ့ဆုံပြီး ကိုဗစ်ဗဟိုကော်မတီကို စာတင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

စစ်တွေမြို့နယ် နယ်စပ်ကုန်သွယ်ရေးစခန်းအား ယာယီပိတ်ထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေးကို မှီခိုလုပ်နေကြသည့် အလုပ်သမား ၄၀၀ ကျော်မှာ အခက်အခဲများ ရှိနေကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“ပြန်လည်ဖွင့်လှစ်တဲ့အခါမှာ ကျနော်တို့ဖက်ကတော့ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက် ပေးမှာပါ။ ကိုဗစ်ကလည်း အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့လည်း ပျောက်သွားနိုင်တာ မဟုတ်ဘူးလေ။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဖက်က လာတဲ့သူတွေကို Quarantine ဝင်ခိုင်းမယ်။ တစ်ပတ်မှာ သင်္ဘောက ဘယ်နှစ်စီးထွက်ခွာမယ် စတဲ့စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ လုပ်ဆောင်ပေးသွားဖို့ကိုလည်း အကြံပြုတင်ပြပေးခဲ့ပါတယ်” ဟု ဆိုသည်။

ဇွန်လအတွင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ စစ်တွေမြို့သို့ ကုန်တင်ရေယာဉ်ဖြင့် ရောက်ရှိလာသူ တစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် ယင်းစခန်းအား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့သည်။

အလားတူ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကိုလည်း ကိုဗစ်ကြောင့် ဇူလိုင်လအတွင်းမှစတင်ကာ လက်ရှိအချိန်ထိ ယာယီပိတ်ထားခြင်းဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူစုစုပေါင်း ၄၁၀၀ ဦး၊ သေဆုံးသူ ၃၆ ဦးနှင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသူ ၄၀ ဦးသာ ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန စာရင်းအရ သိရသည်။

ဗီဒီယိုများ