တပ်မတော်ကခေါ်ယူသွားသည့် မင်းပြားဒေသခံ (၄၀)ကျော် ပြန်ရောက်လာ

တပ်မတော်က လမ်းပြအဖြစ် ခေါ်သွားသည့် မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံ(၄၀)ကျော်မှာ အောက်တိုဘာလ ၂၃ ရက်နေ့၊ညနေ (၄)နာရီကျော်ခန့်တွင် မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသည်ဟု ဒေသခံများထံက သိရသည်။

By ဝင်းညွန့် 24 Oct 2019

ဝင်းညွန့် / DMG

အောက်တိုဘာ ၂၄၊ စစ်တွေ

တပ်မတော်က လမ်းပြအဖြစ် ခေါ်သွားသည့် မင်းပြားမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံ(၄၀)ကျော်မှာ အောက်တိုဘာလ ၂၃ ရက်နေ့၊ညနေ (၄)နာရီကျော်ခန့်တွင် မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသည်ဟု ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊နံနက်ပိုင်းက ယင်းရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုမိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသည်။ထို့ကြောင့် ယင်းကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့ကာ ရွာသား(၄၀)ကျော်ကို ခေါ် ယူသွားခြင်းဖြစ်သည်။

“ ကျွန်တော်တို့ကို  ရာမောင်တံတားအနီးကိုခေါ်သွားတယ်။ ညနေ ၄ နာရီလောက်မှာ ပြန်လွတ်လာတယ်။ လမ်းမှာတော့ သတ်တာ၊ ပုတ်တာတွေတော့ မရှိဘူး ” ဟု ခေါ်ဆောင်ခံရသူ ဦးမောင်စိန်က ပြောသည်။

အဆိုပါ ကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးစဉ်အတွင်း နေအိမ်တစ်ချို့မှ ရွှေ၊ငွေများကိုလည်း ယူ သွားသည်ဟု ဒေသခံများက စွပ်စွဲကြသည်။သို့သော် ယင်းသို့ယူဆောင်ခြင်းမရှိကြောင်း တပ်မတော်ဘက်က ငြင်းဆိုသည်။

ယမန်နေ့က လက်ခုပ်ကျေးရွာ နှင့် စိတ္တရကျေးရွာအကြားတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ