ရခိုင်မှ စစ်ဘေးရှောင်ဦးရေတစ်သောင်းကျော် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်

ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်မှာ ပြီးခဲ့သည့်သြဂုတ်လအတွင်းက မိမိတို့အစီအစဉ်ဖြင့်နေရပ်ပြန်သွားကြကြောင်း သိရသည်။

06 Sep 2021

DMG ၊ စက်တင်ဘာ  ၆

ရခိုင်ပြည်အတွင်းက နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်မှာ ပြီးခဲ့သည့်သြဂုတ်လအတွင်းက မိမိတို့အစီအစဉ်ဖြင့်နေရပ်ပြန်သွားကြကြောင်း သိရသည်။

လက်ရှိကိုဗစ်ကာလတွင် ကိုဗစ်ကူးစက်ခံရမည်ကိုစိုးရိမ်ခြင်း၊ စခန်းအတွင်း အလှူရှင်နည်းပါးလာသဖြင့် စားဝတ်နေရေးအဆင်မပြေခြင်း၊ ပွင့်လင်းရာသီနီးလာခြင်းတို့ကြောင့် မိမိတို့ကျေးရွာတွင် လုပ်ကိုင်စားသောက်နေထိုင်ရန်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်သွားကြခြင်းဖြစ်သည်ဟု ရခိုင်ကစစ်ဘေးရှောင်များစာရင်းကိုကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “စစ်ဘေးရှောင်စခန်းကနေ မိမိကျေးရွာကိုပြန်သွားကြတဲ့အတွက် သူတို့မှာ IDP ထဲမှာအကျုံးမဝင်တော့ဘူး။ သူတို့မှာ နိုင်ငံတကာအထောက်အပံ့တွေလည်းရမှာ မဟုတ်တော့ဘူး။ အစိုးရဆီက ထောက်ပံ့ကူညီမှုတွေလည်းရချင်ရင်ရမယ်၊ မရချင်လည်းမရဘူးပေါ့နော်။ ပုဂ္ဂလိကအလှူရှင်တွေဆီကလည်း ရကောင်းလည်းရနိုင်တယ်ပေါ့နော် မသေချာဘူး" ဟု ပြောသည်။

"တချို့ပြန်သွားကြတဲ့နေရာတွေမှာဆိုရင် လုပ်ကိုင်စားသောက်ဖို့အတွက် မိုင်းအန္တရာယ်ကိုစိုးရိမ်ရတယ်။ သူတို့အနေနဲ့ အကြောင်းတစ်ခုခုကြောင့် အဆင်မပြေပဲပြန်လာလို့ရှိရင် စခန်းမှာလည်း ပြန်ပြီးတော့အဆင်မပြေတော့မှာကို ကျနော်တို့အနေနဲ့စိုးရိမ်တယ်“ဟု ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ကြရာတွင် မီးလောင်ပျက်စီးသွားသည့်ကျေးရွာများ၊ မိုင်းအန္တရာယ်စိုးရိမ်ရသည့်နေရာများမှ ဒေသခံများအနေဖြင့် လတ်တလောကာလတွင် နေရပ်မပြန်သင့်သေးကြောင်းလည်း ကိုဇော်ဇော်ထွန်းက အသိပေးပြောကြားသည်။

လက်ရှိမှာ မိမိအစီအစဉ်ဖြင့်နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များထဲတွင် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်မှအများဆုံးဖြစ်ကြပြီး ဘူးသီးတောင်၊ ရသေ့တောင်နှင့် အခြားမြို့နယ်များမှ အနည်းအကျဉ်းပါဝင်ကြောင်း သိရသည်။

ထိုသို့ နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအထောက်အကူဖြစ်စေရန် ဆန်အိတ် ၉၈ အိတ်အား ပရဟိတအဖွဲ့အစည်းတစ်ခုမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “နေရပ်ပြန်သွားကြတဲ့သူတွေကိုအထောက်အပံ့တစ်ခုအနေနဲ့ကူညီပေးတာပါ။ နေရပ်ပြန်သွားကြတော့ လောလောဆည်ကာလမှာ အလုပ်အကိုင်လည်းမရှိတော့ အဆင်ပြေအောင်ကူညီပေးတာပါ။ သူတို့ကလည်း အကူအညီလိုအပ်ရင် အဆက်အသွယ်လုပ်လာကြသလို ကျနော်တို့အနေနဲ့လည်း နီးစပ်ရာ နီးစပ်ရာကို ထောက်ပံ့ပေးတာဖြစ်တယ်။ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ် တခြား မြို့နယ်တွေကလည်းပါတယ်“ဟု ဆိုသည်။

ဆက်လက်ပြီး စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရန်အတွက် အစိုးရအနေဖြင့်တာဝန်ရှိပြီး မိုင်းရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကျေးရွာအနီးနားတွင်နေထိုင်သည့် စစ်သားများကိုဖယ်ရှားပေးရန်နှင့် တိုက်ပွဲများရပ်တန့်နေရန်လိုကြောင်း ပြောဆိုကြသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “အဓိကတော့ စစ်ပွဲမဖြစ်ဖို့လိုတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ ကိုယ့်နေရပ်ကိုယ့်ဒေသမှာ ကိုယ့်မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် ဆက်လက်ပြီးတိုက်ပွဲမဖြစ်ဖို့လိုအပ်တယ်“ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲရပ်တန့်နေသည်မှာ ၁၀ လခန့်ရှိနေပြီဖြစ်သော်လည်း မိမိနေရပ်သို့မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ကိုးသောင်းကျော် ရှိနေသေးသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ