ကားထွက်ခွာရန် ခွင့်မပြုသောကြောင့် ရန်ကုန်ရှိ လူနှစ်ထာင်နီးပါးရခိုင်သို့ ပြန်လာရန် ခက်ခဲနေ

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်မြို့တွင် ပိတ်မိနေသည့် လူဦးရေ နှစ်ထောင်ကျော်ကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေသော်လည်း ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားကွင်း အုပ်ချုပ်ရေးမှူးက ခွင့်မပြုသောကြောင့် ပြန်လာရန် အခက်အခဲများရှိနေကြောင်း လေးဝတီကုလရက္ခိတ အသင်းထံမှ သိရသည်။

By ကျော်သူဌေး 17 Nov 2020

ကိုဗစ်ထိန်းချုပ်ရေး သတ်မှတ်ချက်များနှင့်အညီ ရန်ကုန်မှ ရခိုင်သို့ပြန်လာသည့် ခရီးသည်တင်ကားတစ်စီးအား မအီမြို့အနီးတွင်တွေ့ရစဉ်။ (ဓာတ်ပုံ-လေးဝတီကုလရက္ခိတအသင်း)

ကျော်သူဌေး | DMG
နိုဝင်ဘာ ၁၇ ၊ စစ်တွေ

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်မြို့တွင် ပိတ်မိနေသည့် လူဦးရေ နှစ်ထောင်ကျော်ကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေသော်လည်း ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားကွင်း အုပ်ချုပ်ရေးမှူးက ခွင့်မပြုသောကြောင့် ပြန်လာရန် အခက်အခဲများရှိနေကြောင်း လေးဝတီကုလရက္ခိတ အသင်းထံမှ သိရသည်။

ရန်ကုန်အခြေစိုက် လေးဝတီကုလရက္ခိတအသင်း အနေဖြင့် ကျောက်ဖြူနှင့်ရမ်းဗြဲမြို့နယ်မှ ခရီးသည် ၁၂၅ ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ခရီးသည်တင်ယာဉ်ဖြင့် ပထမအကြိမ် ပို့ဆောင်ခဲ့သော်လည်းယခုအခါ ရန်ကုန်မှ ထွက်ခွာခွင့်မပြုသဖြင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု ယင်းအသင်းမှ တာဝန်ရှိသူ ကိုဗျာလက ပြောသည်။

“ကိုယ့်မြို့ရွာမှာ ကိုယ့်ဟာကို Quarantine ဝင်ဖို့ဟာကို သူတို့တွေက အခက်တွေ့အောင် လုပ်နေကြတယ်။ အဲဒီမှာ ကြန့်ကြာနေရတယ်။ ကားဝင်းထဲက အုပ်ချုပ်ရေးမှူးက ထွက်ခွင့်မပေးချင်ဘူး။ ကျနော်တို့က အသွားအလာကြန့်ကြာပြီးတော့ လူတွေဟာ တော်တော်လည်း ဒုက္ခရောက်နေကြတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်သို့ ပြန်လာမည့်သူများ ၎င်းတို့နေထိုင်ရာသို့ ပြန်လည်ရောက်ရှိပါက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်များအတိုင်း လိုက်နာမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကိုဗစ်ကော်မတီများသို့ ခွင့်ပြုစာပေးပို့ပြီး ၎င်းတို့ဘက်မှလည်း ခွင့်ပြုကြောင်း ပြန်လည် အကြောင်းပြန်ထားသည်ဟု ကိုဗျာလက ဆက်၍ပြောသည်။

ရန်ကုန်မြို့တွင် အလုပ်လုပ်နေကြပြီး ကားလမ်း၊လေကြောင်းလမ်းများ ပိတ်ပင်ထားသဖြင့် ပြန်လာ၍မရဖြစ်နေသူ ရခိုင်ပြည်နယ်မှ လူ ၂၀၀၀ နီးပါးရှိကြောင်း လေးဝတီကုလရက္ခိတအသင်းက ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်မြို့တွင် စက်ရုံ၊အလုပ်ရုံများ ပိတ်ပင်ထားသဖြင့် အလုပ်လက်မဲ့ ဖြစ်ပေါ်နေသည်မှာ ၃ လ ခန့်ကြာမြင့်နေပြီး၊ မိမိဒေသသို့ ပြန်ရန်အတွက် လမ်းခရီးအဆင်ပြေစေရန် သက်ဆိုင်ရာက ကူညီပေးစေချင်သည်ဟု ရန်ကုန်မှ ပြန်လာမည့်သူ မအေးမိုးစံက ပြောသည်။

“အလုပ်မရှိတာ ၃ လနီးပါးရှိပါပြီ။ စားဝတ်နေရေး၊ အိမ်လခ အကြပ်အတည်းဖြစ်နေပါတယ်။ မရှိရှိကြောင်းပြုပြီးတော့ အိမ်ကမှာလို့ စားနေရတယ်။ သက်ဆိုင်ရာက ကူညီပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် အလုပ်လက်မဲ့ဖြစ်နေရသဖြင့် စားဝတ်နေရေးအတွက် မိမိအိမ်မှ ငွေကြေးပြန်လည်မှာယူ၍ သုံးစွဲနေရသောကြောင့် မိမိကျေးရွာသို့ အမြန်ဆုံးပြန်လိုကြောင်း ကျောက်ဖြူမြို့နယ်မှ မအောင်ဝင်းခိုင်က ပြောသည်။

“အလုပ် မလုပ်ရတာ ၃ လလောက်ရှိပြီဆိုတော့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့အတွက်က မလွယ်ဘူး။ ပိုက်ဆံတွေကို ရွာကမှာလို့ စားနေရတာပါ။ လေးဝတီအဖွဲ့ကို ဆက်သွယ်ထားပါတယ်။ လမ်းမဖွင့်တဲ့ အတွက်ကြောင့် ပြန်လို့မရ ဖြစ်နေပါတယ်”ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ ပြန်မည့်သူများအား တရားဝင်သွားလာခွင့်ရရန် စီစဉ်နေသည်ဟု ပြောသည်။

“လုပ်နေပါတယ်။ လွန်ခဲ့တဲ့တစ်ရက်က လေယာဉ်တစ်စင်း ထွက်သွားပါပြီ။ အဲဒီမှာ လူ ၂၄ ယောက်လောက် ပါသွားပါတယ်။အခုလည်း ကားနဲ့ပို့ဖို့ ကျနော်တို့ တရားဝင်လုပ်နေပါတယ်” ဟု ဦးဇော်အေးမောင်က ပြောသည်။

ယင်းအပြင် ဂွမြို့နယ်တွင် ရန်ကုန်မှ ပြန်လာသူများကို တစ်ပတ်လျင် တစ်ရက်လာခွင့် ပြုထားပြီး၊ ရောက်လာသည့်သူများအား Quarantine စင်တာများတွင်ထားနိုင်ရန် စီစဉ်ထားကြောင်း ဂွမြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဗီဒီယိုများ