ရခိုင်လွှတ်တော် ကြားဝင်ဖြေရှင်းပေးမှုကြောင့် ကျောင်းသားသမဂ္ဂများ စစ်ဘေးရှောင်များကို ကူညီရန်ခရီးဆက် ခွင့်ရ

“အခုတော့ မင်းပြားမြို့ကို ဆက်လက်ချီတက်နေတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ကိုဖုန်းဆက်တယ်။ သူကတဆင့် နယ်လုံဝန်ကြီးကိုပြောတယ်။ နယ်လုံဝန်ကြီးက တဆင့် ဂိတ်ကိုပြောတယ်။ အခု ကျွန်တော်တို့ ဂိတ်ကိုကျော်လာခဲ့ပါပြီ” ဟု ၎င်းက DMG ကို နေ့လယ်ပိုင်းတွင် ပြောသည်။

By ဝင်းညွန့် 19 Oct 2019

ဓာတ်ပုံ - စံမြတ်ရွှေ

ဝင်းညွန့် | DMG

အောက်တိုဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများထောက်ပံ့ရန်လာရောက်ကြသည့် ပခုက္ကူ ကျောင်းသား သမဂ္ဂ(၅)ခုကို အမ်းမြို့နယ်ရှိ အာဏာပိုင်များက သွားလာခွင့်ပိတ်ထားမှုကို ရခိုင်ပြည်နယ် လွှတ်တော်က ကြားဝင်ဖြေရှင်းပေးမှုကြောင့် ယနေ့ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ခရီးဆက်လက် ထွက်ခွင့်ရသည်ဟု အဆိုပါသမဂ္ဂများထံက သိရသည်။

ပခုက္ကူကျောင်းသားမသဂ္ဂအဖွဲ့သည် အောက်တိုဘာလ (၁၈)ရက်နေ့၊နေ့လယ်ပိုင်းက အမ်းမြို့ဂိတ်သို့အရောက် တွင် အာဏာပိုင်များတားဆီးမှုကိုခံရသဖြင့် ခရီးဆက်လက်ထွက်ခြင်းမရရှိခဲ့ပေ။ ထို့ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌဦးစံကျော်လှကို ဖုန်းဆက်အကြောင်းကြားသည်။

လွှတ်တော်ဥက္ကဌကလည်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို ဆက်သွယ်ပြောကြားရာမှာ အဆင်ပြေသွားခြင်း ဟု ချင်းကျောင်းသားများ(ပခုက္ကူ) ဥက္ကဋ္ဌ ဆလိုင်းဗန်း ဘီးနှီးဆာက ပြောသည်။

“အခုတော့ မင်းပြားမြို့ကို ဆက်လက်ချီတက်နေတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ကိုဖုန်းဆက်တယ်။ သူကတဆင့် နယ်လုံဝန်ကြီးကိုပြောတယ်။ နယ်လုံဝန်ကြီးက တဆင့် ဂိတ်ကိုပြောတယ်။ အခု ကျွန်တော်တို့ ဂိတ်ကိုကျော်လာခဲ့ပါပြီ”ဟု ၎င်းက DMG ကို နေ့လယ်ပိုင်းတွင် ပြောသည်။

အဆိုပါ ကျောင်းသားသမဂ္ဂအဖွဲ့များသည် စစ်ဘေးရှောင်စခန်းများကို ဆန်၊ဆီ၊ဆား၊အဝတ်အထည်များနှင့် ကျောင်းသုံးကိရိယာများလှူဒါန်းသွားမည် ဆလိုင်းဗန်းဘီးနှီးဆာက ဆိုသည်။

“အခုက မင်းပြားအထိပဲသွားနေပါတယ်။ မင်းပြားဒေသ လုံခြုံရေးအခြေအနေကြည့်ပြီးတော့ နောက် ဆက်လက် ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာကိုတော့ မင်းပြားရောက်မှာဘဲ ညှိနိူင်းရဦးမှာပါ။

ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့တွေ၊ ရခိုင်အမျိုးသားပါတီလည်း မင်းပြားမှာ စောင့်နေပါတယ်။ သူတို့နဲ့ညှိနိူင်းပြီးမှ နောက်ဆောင်ရွက်ချက်တွေကိုသိရမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင်(၆၄၀၀၀) ကျော်ရှိသည်။

လတ်တလောတွင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုလျှော့ကျသွားသည့်အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှု၊နေရာထိုင်ခင်းခက်ခဲမှု၊ကျန်းမာရေးပြဿနာများနှင့်ရင်ဆိုင်နေရကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

ဗီဒီယိုများ