ရခိုင်တွင် Facilities Quarantine လုပ်ငန်းများ၌အသုံးပြုနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ဆန်အိတ် ၃၀၀၀ လှူဒါန်း

ရခိုင်ပြည်နယ်အတွင်း Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး Facilities Quarantine လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ပြည်ဝင်ဆန်အိတ်(၃၀၀၀)ကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့က ပြည်နယ်အစိုးရအားအဖွဲ့အားလှူဒါန်းခဲ့ကြောင်း ယင်းအသင်း၏ တာဝန်ရှိသူများထံမှ သိရသည်။

By မြတ်ဆွေ 26 Aug 2020

Photo - Leader's facebook

မြတ်ဆွေ | DMG
သြဂုတ် ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး Facilities Quarantine လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ပြည်ဝင်ဆန်အိတ်(၃၀၀၀)ကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့က ပြည်နယ်အစိုးရအားအဖွဲ့အားလှူဒါန်းခဲ့ကြောင်း ယင်းအသင်း၏ တာဝန်ရှိသူများထံမှ သိရသည်။

Covid-19 တစ်ကျော့ပြန်ဖြစ်ပွားနေချိန် စစ်တွေမြို့မှလမ်းအချို့ကို Locked down ချလိုက်သည့်အတွက် Quarantine ဝင်နေသူများမှာ ဆန်ရိက္ခာနှင့်ပတ်သက်၍ အခက်အခဲများဖြစ်လာနိုင်သောကြောင့် ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်ကပြောသည်။

“Covid-19 နဲ့ပတ်သက်လို့ ခေါင်းစဉ်တစ်ခုတည်းနဲ့မဟုတ်ဘဲ လိုအပ်တဲ့နေရာတွေမှာသုံးစွဲဖို့ ပုဂ္ဂုလိကအလှူ ရှင်တွေ၊ ကျနော်တို့ရဲ့အသင်းဝင် ကော်မတီတွေဆီက ဆန်အိတ်တွေလှူဒါန်းကြပါလို့ အလှူခံလိုက်တယ်။ ပထမ အကြိမ်ဖြစ်ကတည်းက ကျနော်တို့က တိုင်းဒေကြီးတွေ၊ ပြည်နယ်တွေမှာ တော်တော်များများနေရာတွေကို လှူဒါန်းလိုက်ပါပြီ။ အခုတစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကိုပထမဆုံးလှူဒါန်းတာဖြစ်တယ်” ဟု ဦးမြင်လွင့်ကဆိုသည်။

လက်ရှိ အလှူရှင်များထံမှလှူဒါန်းထားသောဆန်ရိက္ခာများ ကျန်ရှိနေသေးပြီး ရခိုင်ပြည်နယ်၌ လိုအပ်သော နေရာများတွင် ဆက်လက်လှူဒါန်းရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းထားသောဆန်အိတ်များကို Facilities Quarantine နှင့် တခြား လိုအပ်သည့် နေရာများတွင် အသုံးပြုသွားမည်ဟု ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးကျော်အေးသိန်းက ပြောသည်။

“ကျွန်တော်တို့က Facilities Quarantine အသီးသီးအတွက် လုပ်နေတာဖြစ်တော့ အဲဒီဆန်အိတ်တွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားဖို့ရှိတယ်။ အခုကတော့ အစီအစဉ်တွေတော့ မလုပ်ရသေးဘူး” ဟု ဝန်ကြီးဦးကျော်အေးသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့ ညပိုင်းအထိ တစ်ပတ်ကျော်ကာလအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၀၆ ဦးအထိရှိပြီး ထိုအထဲတွင် စစ်တွေမြို့နယ်မှ ၈၂ ဦး၊ သံတွဲမြို့နယ်မှ ၂ ဦး၊ မြောက်ဦးမြို့နယ်မှ ၃ ဦး၊ ပေါက်တော်မြို့နယ်တွင် ၁၂ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၃ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၄ ဦးတို့ဖြစ်ကြသည်။

ယခင်ပိုးတွေ့ရှိခဲ့ပြီးရောဂါကင်းစင်၍ ဆေးရုံမှဆင်းသွားသူ ၁၆ ဦးသဖြင့် ရခိုင်ပြည်နယ်အတွင်း COVDI-19 ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၂၂ ဦးအထိ ရှိလာပြီဖြစ်သည်။

ဗီဒီယိုများ