စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်တစ်အိတ်လျှင် (၄) သောင်းခွဲအထိမြင့်တက်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စတင်တွေ့ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆန်ဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်သွားသည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။

By မျိုးသီရိကျော် 25 Mar 2020

မျိုးသီရိကျော် |DMG
မတ်လ၂၅ ၊ စစ်တွေ

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စတင်တွေ့ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ပြီးနောက် တစ်ရက်အကြာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆန်ဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက်သွားသည်ဟု ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။

မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်နှင့်ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိခဲ့သည်။ ယင်းနောက်တွင် ဝယ်ယူသူ များပြားလွန်းသောကြောင့် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်။ ယခင်က စစ်တွေ ဆန် ဈေးကွက်တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေကျပ် (၃၇၀၀၀) ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေကျပ် (၄၄၀၀၀ ) ကျပ်အထိ ဈေးမြင့်တက်သွားသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးအောင်တိုးချေက ပြောသည်။

“မနေ့ကဆိုရင် ဝယ်သူများလို့ ထမင်းတောင်မစားရဘူး။ ဒီနေ့တော့ငြိမ်သွားပါပြီ။ ဆန်ဈေးက တက်တာ မဟုတ်ပါဘူး။ ဆန်တင်သွင်းတာက နည်းပြီးတော့ ဝယ်သူများသွားတာကြောင့် သူ့လိုလိုတက်သွားပါ။ ဆန်တွေပုံမှန်အတိုင်း တင်သွင်းနေရင်တော့ ဈေးကပြန်ကျမှာပါ။ ကျနော်တို့လည်း ဈေးမတက်စေချင်ပါဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်ဈေးကွက်တွင် ဆန်အလုံအလောက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ဆန်များကို အလုအယ က်ဝယ်ယူစရာမလိုအပ်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း(ရခိုင်အသင်းခွဲ) ဥက္ကဌ ဦးရွှေ ထွန်းအောင်က ပြောသည်။

“နယ်မှာရှိတဲ့ ပေါ်ဆန်းမွှေးစပါးတွေက အလုံအလောက်ကိုရှိတယ်။ လယ်သမားတွေမှာလည်းရှိတယ်။ ဆန်စက်တွေမှာလည်းရှိတယ်။ စစ်တွေမှာပဲ ဈေးတက်သွားတာ၊ ကျောက်တော်၊ မြောက်ဦးမှာ ဈေးတက်သွားတဲ့ အနေအထား မဟုတ်ပါဘူး။ တကယ်လို့များ အကုန်လုံးမှာ ဈေးတက်သွားလို့ရှိရင် ကျနော်တို့ကိုယ်တိုင် ရောင်းပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

မတ်လ ၂၄ ရက်နေ့တွင် စစ်တွေဆန်ဈေးကွက်အတွင်း ဆန်အိတ် (၂၀၀၀)ခန့် ရောင်းထွက်ခဲ့သည်ဟုလည်း ၎င်း ကဆက်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအစီအစဉ်များ ပြုလုပ်နေသည့်အချိန်တွင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ပစ္စည်းမှန်၊ဈေးနှုန်းမှန်များဖြင့်သာ ရောင်းချရန် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းရှင်များ အသင်း(ရခိုင်အသင်းခွဲ)၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း(ရခိုင်အသင်းခွဲ)တို့က မေတ္တာရပ်ခံထားသည်။

အလားတူ စစ်တွေဈေးကွက်တွင် အထွေထွေစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည် ဟု စားသုံးသူများထံက သိရသည်။

ဗီဒီယိုများ