အမျိုးသမီးများ၏ အခွင့်အရေးကိုကာကွယ်ပေးရန် ရခိုင်အမျိုးသမီးရှေ့နေများအစည်းအရုံးကို ဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများအကြား အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးရန် ရခိုင်အမျိုးသမီးရှေ့နေများအစည်းအရုံးကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

28 Dec 2020

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုနောက်ဆုံးနေ့အဖြစ် စစ်တွေမြို့တွင် လူထုလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြစဉ်။

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများအကြား အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အကာအကွယ်ပေးရန် ရခိုင်အမျိုးသမီးရှေ့နေများအစည်းအရုံးကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

လက်နက်ကိုင်ပဋိပက္ခအကြား အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမူများနှင့် အဓ္ဓမပြုကျင့်ခံရခြင်းများကို ဥပဒေအရ အကာအကွယ်ပေးနိုင်ရန်ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးရှေ့နေများ အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဦးသန်းခိုင်က ပြောသည်။

“ရခိုင်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ အမျိုးသမီးတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ အဓ္ဓမ ပြုကျင့်ခံရတာတွေ၊ အဲဒီလိုတရားမဲ့၊ ဥပဒေမဲ့ပြုကျင့်ခံရတာတွေနဲ့ပတ်သက်လို့ ကျမတို့ရခိုင်အမျိုးသမီး ရှေ့နေများကွန်ရက်အနေနဲ့ ဥပဒေနဲ့ အကာအကွယ်ပေးနိုင်အောင်ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်အမျိုးသမီးရှေ့နေများအစည်းအရုံးတွင် တောင်ကုတ်၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ ပုဏ္ဏားကျွန်း ၊ ရမ်းဗြဲ၊ မြောက်ဦးစသည့် မြို့နယ် ၉ မြို့နယ်မှ ရှေ့နေအမျိုးသမီးများပါဝင်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ရခိုင်မှ ကျန်ရှိသည့် မြို့နယ် ၈ မြို့နယ်မှ ဝါသနာတူသည့် ရှေ့နေအမျိုးသမီးများ ပါဝင်နိုင်အောင် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“၁၇ မြို့နယ်က စုံသလောက်နီးနီးပါတယ်၊ ရသေ့တောင်ကိုတော့ ချိတ်ဆက်တုန်း၊ အခုလောလောစဉ်က အင်တာနက်အချိတ်အဆက်တွေကြောင့် အချိတ်အဆက်မရသေးတာလည်းရှိသေးတယ်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးက ရှေ့နေအမျိုးသမီးတွေပါဝင်ဖို့အတွက် ကျမတို့တော့လုပ်နေပါတယ်” ဟု ဒေါ်ဦးသန်းခိုင်က ပြောသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း လူအခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ဖော်ထုတ်ပြီး ကာကွယ်မှုများ၊ ရခိုင်ဥပဒေကျောင်းသားများ အလုပ်သင်များနှင့် ရခိုင်ရှေ့နေအမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရန်တို့အပြင် ရခိုင်ပြည်ငြိမ်းချမ်းရေးအတွက် အခြားအဖွဲ့အစည်း၊ ကွန်ယက်များနှင့်ချိတ်ဆက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက် မှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ သိရသည်။

“အမျိုးသမီးရှေ့နေ အလုပ်သင်တွေအများကြီးရှိကြတယ်။ အဲဒီအမျိုးသမီးငယ်တွေကိုလည်း ကျမတို့က အရည် အသွေးမြင့်လာအောင် ရည်ရွယ်ချက်တွေပါတယ်၊ အခုကိုဗစ်အနေအထားကြောင့် ညီလာခံမကျင်းပနိုင်သေးဘူး။ ညီလာခံကျင်းပနိုင်တဲ့အခါ ရှေ့ဆက်လုပ်ရမယ်လုပ်ငန်းတွေကို အသေးစိတ်ဆွေးနွေးသွားကြဖို့ရှိတယ်” ဟု ဒေါ်ဦးသန်းခိုင်က ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် အဓမ္မပြုကျင့်ခံရမှုများရှိခဲ့ကြောင်း အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသူများက ဆိုကြသည်။ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် အမျိုးသမီးများမှာ ၎င်းတို့လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် စိုးရိမ်မှုများရှိနေကြသည်။

ဗီဒီယိုများ