ရသေ့တောင်က ရွာတစ်ရွာတွင် နေအိမ်အချို့ဖောက်ထွင်းခံရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အိမ်ခြေ (၁၂၀)ကျော်ခန့်ရှိသည့် ညောင်ပင်လှကျေးရွာတွင်  နေအိမ်အများစု ဖောက်ထွင်းခံထားရပြီး အသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။

By မျိုးသီရိကျော် 06 Feb 2020

(ဓာတ်ပုံ - REC)

မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၆၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ အိမ်ခြေ (၁၂၀)ကျော်ခန့်ရှိသည့် ညောင်ပင်လှကျေးရွာတွင်  နေအိမ်အများစု ဖောက်ထွင်းခံထားရပြီး အသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။

ရွာသားများသည် ပြီးခဲ့သည့် ဇန်နဝါရီလ (၉)ရက်နေ့က ရွာသို့ တပ်မ ၂၂ ရောက်ရှိလာသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် တခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တစ်ချို့ရွာသားများသည် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ရွာသို့ပြန်လာစဉ် ထိုသို့ဖျက်ဆီးခံထားရသည်ကို တွေ့ရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG သို့ပြောသည်။

နေအိမ်များတွင် တံခါးများဖျက်ဆီးခံထားရခြင်း၊ အိမ်တွင်းရှိ ဆိုလာပြား၊ ဘတ္တရီအိုးများ၊ TV၊ အိုးခွက်၊ ပန်းကန် စသည့်ပစ္စည်းများ ဖျက်ဆီးခံထားရပြီး ဘုန်းကြီးကျောင်းရှိ ပစ္စည်းများလည်း ဖျက်ဆီးခံထားရသည်ဟု ၎င်းက ဆက်လက်ဆိုသည်။

“ကျနော်တို့ ရွာပြန်လာတော့ ရင်ထဲဆို့သွားတာပဲဗျာ။ နှစ်ပေါင်း ၆၀ လောက်စုလာတာ ဒီအချိန်လေးအတွင်းမှာ အကုန်ပျက်စီးသွားတယ်။ ကျနော်တို့ ပြန်တည်ဆောက်ဖို့ဆိုတာ မလွယ်တော့ဘူး။ အဲ့ဒါကြောင့် စစ်ပွဲတွေမဖြစ်ဖို့ဘဲ ကျနော်တို့ပြောချင်ပါတယ်” ဟု ယင်းဒေသခံက ပြောသည်။

ယင်းရွာတွင် ထိုသို့ဖျက်ဆီးခံထားရသည်မှာ မှန်ကန်သည်ဟု ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြောသည်။

စစ်ဘေးရှောင်သတင်းအချက်အလက်များကို အဓိက ကောက်ယူ၊ ဖြန့်ဝေနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ Facebook Page တွင် ယင်းရွာ၌ဖျက်ဆီးခံထားရသည့် ဓာတ်ပုံများကိုတင်ထားသည်။ ဓာတ်ပုံများအရ အိမ်တံတားများ ပွင့်လျက်ရှိနေပြီး အဝတ်အထည်များ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသည်ကို တွေ့ရသည်။

ရွာထဲသို့ တပ်မတော်ရောက်ရှိခဲ့သည်ဟု ဒေသခံများပြောဆိုချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယင်းရွာအနီးတွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဗီဒီယိုများ