ရခိုင်ရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များချထားပေးရေး ဒေသခံများလိုလား

ဆေးရုံစတင်ဖွင့်လှစ်သည့် ၂၀၂၀ ခုနှစ်မှစ၍ သူနာပြုများနှင့်သာ ဆေးရုံကိုလည်ပတ်နေရပြီး ယခုအချိန်ထိ တိုက်နယ်ဆေးရုံသို့ ဆရာဝန်မရောက်ရှိသေးပေ။ ထို့ကြောင့် ဆေးကုသမှုခံယူရာတွင် အခက်အခဲများစွာရှိပြီး ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရန် ဒေသခံများက တောင်းဆိုကြသည်။

By DMG 14 Jan 2022

DMG ၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့ရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိခြင်းကြောင့် ကျန်းမာရေးကဏ္ဍတွင် များစွာအခက်အခဲနေသည့်အတွက် ဆရာဝန်ခန့်အပ်ချထားပေးရန် ဒေသခံများက လိုလားနေကြသည်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်း၊ ဦးဂါကျေးရွာရှိ ဦးဂါတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ နှစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆေးရုံစတင်ဖွင့်လှစ်သည့် ၂၀၂၀ ခုနှစ်မှစ၍ သူနာပြုများနှင့်သာ ဆေးရုံကိုလည်ပတ်နေရပြီး ယခုအချိန်ထိ တိုက်နယ်ဆေးရုံသို့ ဆရာဝန်မရောက်ရှိသေးပေ။ ထို့ကြောင့် ဆေးကုသမှုခံယူရာတွင် အခက်အခဲများစွာရှိပြီး ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရန် ဒေသခံများက တောင်းဆိုကြသည်။

“ဆေးရုံမှာဆရာဝန်မရှိရင် လူနာတွေကလည်း လာမပြကြဘူး။ ဆေးရုံလည်ပတ်မှုက အားနည်းတယ်။ တခြားဘက် ကူတောင်တိုက်နယ်ဆေးရုံကိုပဲ သွားပြကြတယ်။ ကူတောင်တိုက်နယ်ဆေးရုံက ဟိုဘက်ရသေ့တောင်ကျွန်း အစွန်ဘက်ဖြစ်နေပြီး လမ်းကြမ်းတော့ ပြင်းထန်တဲ့ဝေဒနာသည်တွေအတွက်ဆို ခက်ခဲမှုတွေရှိတယ်။ ဒါကြောင့် တိုက်နယ်ဆရာဝန်တစ်ယောက် အမြန်ဆုံးရအောင်ကြိုးစားပေးစေချင်ပါတယ်” ဟု ဦးဂါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင်စံက DMG ကိုပြောသည်။

ယင်းအပြင် မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန်မရှိသည်မှာ သုံးလကြာမြင့်နေပြီဖြစ်ကာ အရေးကြီးလူနာများအနေဖြင့် မြောက်ဦး၊ ကျောက်တော်နှင့် စစ်တွေမြို့များသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက DMG သို့ပြောသည်။

တိမ်ညိုကျေးရွာသား ဦးစောလှက “အခက်အခဲတွေကတော့ ဆေးရုံမှာက လူနာတွေမရောက်တော့ဘူး။ Nurse တွေဆီကတော့ သာမန်ကိစ္စဆိုတော့ ဆေးယူကြတယ်။ ဆရာဝန်မရှိတဲ့အတွက် ကုသမှုပိုင်းမှာ အဆင်မပြေပါ။ တခြားနေရာကိုသွားနေရတယ်” ဟု ပြောသည်။

ထိုနည်းတူစွာ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ င/မောက်ချောင်း တိုက်နယ်ဆေးရုံတွင်လည်း ၂၀၁၉ ခုနှစ်မှစ၍ ဆရာဝန်မရှိခဲ့ပေ။ ၂၀၂၁ ခုနှစ်တွင် ရောက်ရှိလာသည့်ဆရာဝန်မှာလည်း တစ်လကျော်သာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ဆရာဝန်မရှိသေးဟု ဒေသခံများထံမှ သိရသည်။

ထိုသို့ဆေးရုံများတွင် ဆရာဝန်မရှိခြင်းကြောင့် ပြည်သူများ အခက်အခဲဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ထံ DMG က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့အနေဖြင့် ပြည်သူ့ကျန်းမာရေးဘက်မှဖြစ်နေသည့်အတွက် ကုသရေးဌာနသို့ ဆက်သွယ်မေးမြန်းရန်သာ အကြောင်းပြန်သည်။

ယင်းကြောင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာကြည်လွင်ထံသို့ DMG က ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စအခြေအနေများအား အထက်သို့တင်ပြထားကြောင်း ဆိုသည်။

I-005

ဗီဒီယိုများ