ရခိုင်ပြည်နယ်အတွက် လွှတ်တော်နေရာအချို့အား UEC ထုတ်ပြန်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အချို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ထုတ်ပြန်ကြေငြာထားသည်။

11 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၁၁ ၊ စစ်တွေ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်အချို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ထုတ်ပြန်ကြေငြာထားသည်။

ရခိုင်ပြည်နယ်မှ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စုစုပေါင်း ၂၈ နေရာရှိသည့်အနက် ယနေ့ နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီအထိ နေရာ ၂၀ အား ထုတ်ပြန်ကြေငြာထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပခွင့်ရသည့် အမ်း၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ စစ်တွေ စသည့်မြို့နယ်များမှ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာအား ကြေငြာပြီးစီးပြီဖြစ်ကာ ပြည်နယ်လွှတ်တော် ၁၅ နေရာတွင် ၇ နေရာအထိ ထုတ်ပြန်ကြေငြာထားသည်။

ရွေးကောက်ပွဲမဲစာရင်းရလဒ်များကို အနည်းဆုံး ၅ ရက်မှ အများဆုံး တစ်ပတ်အတွင်း ပြီးစီးအောင်ကြေငြာသွားမည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

“အခုဆိုရင် ကျနော်တို့တော်တော်များများ ကြေငြာပြီးသွားပြီ။ ကျနော်တို့ တစ်ပတ်အတွင်းမှာ ပြီးအောင်ကြေငြာမယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကြေငြာရန် ကျန်ရှိနေသေးသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)များထံမှ စာရင်းအတိအကျ မရရှိသေးသည့်အတွက် မကြေညာနိုင်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်ပြောသည်။

“အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ် အသီးသီးရရှိတဲ့ ဆန္ဒမဲတွေ၊ မဲဆန္ဒရှင်က ဘယ်လောက်၊ ဘယ်ရာခိုင်နှုန်းရတယ် ဆိုတာကို ဆုံးဖြတ်ပြီးတော့မှ ကြေငြာရတယ်။ ဒါကြောင့်မို့လို အဲဒီစာရင်းဇယားတွေ တွက်ချက်ရတဲ့အတွက်ကြောင့် ကြေငြာခြင်းမပြုနိုင်ဘဲနဲ့ တွက်ချက်ပြီးရလဒ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင်အဖွဲ့(ခွဲ)တွေက ကြေငြာတယ်။ သူတို့ကြေငြာပြီးမှ ကျနော် ထပ်ဆင့်ပြီးတော့မှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သိရှိအောင် ကြေငြာပေးပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ တစ်မြို့နယ်လုံးကျင်းပသည့် မြို့နယ်လေးမြို့နှင့် နေရာအချို့ကျင်းပသည့် မြို့နယ် ၄ မြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ ၄ သိန်း ၅ သောင်းကျော်ရှိကာ နေရာအများစုအား ရခိုင်အမျိုးသားပါတီ(ANP)မှ အနိုင်ရရှိထားခြင်းလည်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ