ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သုံးရက်တိုင်ကျင်းပသော ရခိုင်ရိုးရာကျင်ပွဲမှ အနိုင်ရရှိသူများအား ဆုချီးမြင့်

ယနေ့ ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ကျရောက်သည့်(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သုံးရက်တိုင်ကျင်းပသော ရခိုင်ရိုးရာကျင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသူများကို ဆုများချီးမြင့်ခဲ့ကြောင်းသိရသည်။

15 Dec 2021

ဒီဇင်ဘာ ၁၅ | DMG

ယနေ့ ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ကျရောက်သည့်(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သုံးရက်တိုင်ကျင်းပသော ရခိုင်ရိုးရာကျင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရရှိသူများကို ဆုများချီးမြင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပွဲကျင်းပသည့်နေရာဖြစ်သည့် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်ရှိ ဝင်္ကဘာကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျင်ပွဲသည် ရခိုင်ပြည်နယ်ထဲတွင် ဆုကြေးအများဆုံး ကျင်ကိုင်ပွဲဖြစ်သည့် အတွက် အနယ်နယ်အရပ်ရပ်က ကျင်ဝါသနာရှင်ကြီးများ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရခိုင်ရိုးရာ ကျင်ပွဲတွင် ရွှေမောင်းတန်းနှင့် ငွေမောင်းတန်းဟူ၍ အတန်းနှစ်တန်းခွဲကာ ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး ရွှေမောင်းတန်း ပထမဆုကို ပေါက်တောမြို့နယ် သဝင်ချောင်းရွာမှ ကိုမင်းမင်းထွန်းကရရှိပြီး ဒုတိယဆုကို ကျောက်တော်မြို့နယ် အုတ်ကြွတ်ကျေးရွာမှ ကိုမောင်မောင်စိုးက ရရှိခဲ့ကာ ပူးတွဲတတိယဆုကို ကိုနေပိုင်စိုးနှင့် ကိုအာကာဟိန်းတို့က ရရှိခဲ့သည်။

ငွေမောင်တန်းပထမဆုကို ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာမှ ကိုခိုင်မြတ်က ရရှိပြီး၊ ဒုတိယဆုကိုလည်း ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီးပြင်ကျေးရွာမှ ကိုထွန်းလင်းက ရရှိခဲ့သည်။ ပူးတွဲတတိယဆုကို ပုဏ္ဏားကျွန်းမြို့နယ် ရဟပ်တောင်ကျေးရွာမှ ကို မြတ်ကျော်နှင့် ပိုးရွီးပြင်ကျေးရွာမှ ကိုနေဇော်တို့ ရရှိခဲ့သည်။      

အဆိုပါ ရခိုင်ရိုးရာကျင်ပွဲကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်ပြီး ကျင်းပခဲ့ပြီး ရွှေမောင်းတန်း ပထမဆုကို ကျပ် ၃၂ သိန်း၊ ဒုတိယဆုကို ကျပ် ၂၄သိန်း၊ ပူးတွဲတတိယဆုကို ကျပ်၁၆သိန်းတို့ကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ ငွေမောင်းတန်းတွင် ပထမဆုကို ကျပ် ၂၄သိန်း၊  ဒုတိယဆုကို ကျပ်၁၆သိန်း၊ ပူးတွဲတတိယဆုကို ငွေကျပ်၁၂သိန်းပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။ ပူးတွဲဆုရရှိသူများသည် ဆုငွေကိုတစ်ဝက်စီခွဲယူကြရမည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုဗစ်ကြောင့်ယခင်နှစ်က ရခိုင်ပြည်နယ်နေ့အခမ်းအနားကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဗီဒီယိုများ