စစ်ကောင်စီဟုသုံးနှုန်းပါက ဖမ်းဆီးအရေးယူရန် အပေါ်ကခိုင်းထားကြောင်း ရခိုင်စစ်ကောင်စီပြော

စစ်ကောင်စီဟု သုံးနှုန်းရေးသားခြင်းများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက DMG နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

22 Aug 2021

ဓါတ်ပုံ - ရခိုင်ပြည်နယ်စစ်ကောင်စီ၊ ပြန်/ဆက်

DMG ၊ ဩဂုတ် ၂၂

စစ်ကောင်စီဟု သုံးနှုန်းရေးသားခြင်းများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက DMG နှင့်တွေ့ဆုံစဉ် ပြောကြားသည်။

အလားတူ မီဒီယာကျင့်ဝတ်နှင့်မညီဘဲ ကျော်လွန်ရေးသားခြင်းများကို စောင့်ကြည့်မှုများလုပ်ဆောင်နေ၍ အဖြစ်မှန်မဟုတ်ဘဲ ထိုးနှက်ရေးသားခြင်းများတွေ့ရှိပါက အရေးယူသွားမည်ဟုလည်း ဆိုသည်။

“ကျွန်တော်တို့က အလစ်အငိုက်ဖမ်းပြီး တန်းအရေးယူတာမျိုးမလုပ်ပါဘူး။ သတိပေးတာတွေ၊ စာနယ်ဇင်းကောင်စီဆီတိုင်ကြားတာတွေ အရင်လုပ်မှာပါ။ နောက်တစ်ခုက အချို့ရခိုင်မီဒီယာတွေက စစ်ကောင်စီလို့ သုံးတုန်းပဲလို့ သိရတယ်။ ဒီလိုအသုံးအနှုန်းတွေကိုတော့ ရှောင်ကျဉ်ဖို့လိုတယ်။ အန္တရာယ်ရှိပါတယ်။ အပေါ်ကကိုက အရေးယူခိုင်းထားတာပါ” ဟု ဦးလှသိန်းက ပြောသည်။

စစ်ကောင်စီ၏လက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှလည်း စစ်ကောင်စီဟု မရေးသားရန်ညွှန်ကြားထားကြောင်း၊ စစ်ကောင်စီမှလည်း စစ်ကောင်စီဟု မသုံးနှုန်းရန် ထုတ်ပြန်ထားကြောင်းနှင့် ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်သည့် အသုံးအနှုန်းများကို Print ထုတ်ပြီး စုဆောင်းထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီဟု အသုံးအနှုန်းမျိုး မသုံးစွဲရန်နှင့် သုံးစွဲပါက အရေးယူမှုများရှိလာနိုင်သည်ဟု ပြောဆိုခြင်းမှာ သတင်းမီဒီယာအပေါ် ဆင်ဆာဖြတ်သည့်လုပ်ဆောင်ချက်ဟု ယခင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

“လက်ရှိ သူတို့ဘက်က ဒီစစ်ကောင်စီဆိုတာကို နှိမ့်ချတဲ့ အသုံးအနှုန်းလို့ ယူဆပုံရပါတယ်။ အမှန်တော့ ဒါဟာ အတိုကောက်အသုံးနှုန်းသာသာပါပဲ။ တပ်က အာဏာသိမ်းတယ်ပြောပြော၊ ထိန်းတယ်ပြောပြော သူတို့ကောင်စီအရင်ဖွဲ့ခဲ့တာပဲလေ။ ဒီတော့ စစ်တပ်ဆိုတာလည်းမှန်တယ်။ ကောင်စီဆိုတာလည်း မှန်တာပဲလေ။ သူတို့သုံးစေချင်တာပဲ သုံးရမယ်ဆိုတာကတော့ ဆင်ဆာလုပ်တဲ့သဘောပါပဲ” ဟု ၎င်းကပြောသည်။

ယင်းအပြင် စစ်ကောင်စီမှ ကျင့်ဝတ်ထက်ကျော်လွန်ရေးသားသည်ဟု ယူဆရသော သတင်းမီဒီယာများကို စောင့်ကြည့်နေသည်ဟုဆိုခြင်းမှာ ကျင့်ဝတ်ဆိုသည့် ဝေါဟာရကို လိုသလိုဆွဲသုံးသည့် သဘောမျိုး ဖြစ်နေကြောင်း ဦးမြင့်ကျော်က ဆက်လက်ပြောသည်။

“တကယ်တမ်းကျတော့ အချက်အလက်မှန်ဖို့ရယ်၊ ဘက်မျှဖို့ရယ်၊ အချက်အလက်တိကျဖို့ရယ်နဲ့ ကိုယ့်သတင်းအရင်းအမြစ်တွေ အန္တရာယ်မကျဖို့ရယ် ဆိုတာတွေက သတင်းမီဒီယာတွေရဲ့ အခြေခံကျင့်ဝတ်တွေပဲလေ။ နောက်ပြီး သတင်းအရင်းအမြစ်တွေက ဖြေဖို့လည်းလိုအပ်ပါတယ်။ သူတို့ကို မေးတဲ့အခါ နှုတ်ဆိတ်နေပြီးတော့ ရေးပြီးတော့မှ ဘက်မမျှဘူးဆိုပြီး လုပ်တာမျိုးကျတော့ အမှားစောင့်နေတဲ့ သဘောမျိုး သက်ရောက်တာပေါ့” ဟု သူကရှင်းပြသည်။

ပြည်သူကို အကြောက်တရားနှင့် အုပ်ချုပ်၍မရတော့ကြောင်း Dvelopment Media Group (DMG) ၏ Operation Manager ကိုဇော်ဇော်ကလည်း ထောက်ပြသည်။

“အာဏာရှိသူတွေအကြိုက်ပဲ လိုက်ရေးနေရရင်တော့ ကျွန်တော်တို့က ကုန်းဘောင်ခေတ်က မင်းတုန်းမင်းလက်ထက်မှာလောက်တောင် သတင်းလွတ်လပ်ခွင့် မရှိတော့ဘူးဖြစ်သွားမှာပေါ့၊ နဝတ၊ နအဖ ခေတ်တုန်းကလို ပြည်သူကို အကြောက်တရားနဲ့ ခြိမ်းခြောက်အုပ်ချုပ်လို့ မရတော့ပါဘူး။ အမှန်တရားဖက်မှာ ပြည်သူတွေက အမြဲတမ်း ရှိပြီးသားပါ ” ဟု ပြောသည်။

မီဒီယာများအနေဖြင့် လော်ဘီလုပ်နေခြင်းမဟုတ်ကြောင်း၊ အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ပြည်သူကိုချပြရမည်ဖြစ်ကြောင်း၊ ရှင်းရှင်းလည်းပဲ စစ်တပ်က ဦးဆောင်ဖွဲ့စည်း၍ စစ်ကောင်စီဟု သုံးနှုန်းခြင်းဖြစ်ကြောင်း ကိုဇော်ဇော်က ဆိုသည်။

မြန်မာစစ်တပ်မှ ဖေဖော်ဝါရီ (၁) ရက် အာဏာရယူပြီးနောက် သတင်းမီဒီယာတိုက်အချို့ကို ဝင်ရောက်စီးနင်း ချိတ်ပိတ်မှုများရှိခဲ့ပြီး သတင်းမီဒီယာသမားအချို့လည်း ဖမ်းဆီးတရားစွဲဆိုခံထားရမှုများ ရှိနေသည်။

ဗီဒီယိုများ