ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် အဆင်သင့်ရှိကြောင်း ပြည်နယ်ကော်မရှင်ပြော

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ဆုံးဖြတ်ပါက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အနေဖြင့် အဆင်သင့်ရှိကြောင်း ယင်းကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

By မင်းထွန်း 24 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၂၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ဆုံးဖြတ်ပါက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အနေဖြင့် အဆင်သင့်ရှိကြောင်း ယင်းကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“UEC က ကြားဖြတ်၊ ဒါမှမဟုတ်ရင် အထွေထွေရွေးကောက်ပွဲနောက်ဆက်တွဲ ဆက်လုပ်မယ်လို့ ကြေငြာရင်တော့ လုပ်လို့ရအောင် အားလုံးပြင်ထားပါတယ်။ မဲလက်မှတ်ကအစ မဲရုံပစ္စည်းအဆုံးပေါ့၊ အကုန်လုံး အဆင်သင့် ရှိတယ်။ မဲရုံမှူးအဖွဲ့တွေနဲ့ ပြင်ဆင်ထားပြီးသား ရှိပါတယ်” ဟု ဦးသူရိန်ထွဋ်က ဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သော်လည်း ရခိုင်ပြည်နယ်တွင်ရှိသည့် မြို့နယ် ၁၇ မြို့နယ်ထဲမှ ၈ မြို့နယ်မှာသာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရွေးကောက်ပွဲကျင်းပပြီး ၄ ရက်ခန့်အကြာတွင် ရက္ခိုင့်တပ်တော်(AA)မှ ရွေးကောက်ပွဲမကျင်းရ သေးသည့် မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီကျင်းပနိုင်ရန် လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာလ ၁၂ ရက် နေ့တွင် တိုက်တွန်းခဲ့သည်။

အလားတူ ယင်းသို့တိုက်တွန်းသည့်နေ့တွင် တပ်မတော်ဘက်ကလည်း AA ၏ ထုတ်ပြန်တိုက်တွန်းချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ AA နှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များကို ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အနေဖြင့် ကြိုဆိုကြောင်း ဦးသူရိန်ထွဋ်က ပြောသည်။

“ရွေးကောက်ပွဲလုပ်တာတော့ ဒီမိုကရေစီစနစ်ရဲ့ အဓိကပင်မသွေးကြော အသက်ဖြစ်တဲ့အခါကျတော့ ရွေးကောက်ပွဲလုပ်စေချင်တယ်။ ဒါမှလည်း ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ရှိမယ်၊ သူတို့ကိုယ်စား ပြောဆိုမယ့်သူတွေရှိမယ်။ သူတို့ဒေသ အကျိုးစီးပွားကိုလုပ်မယ့် ကိုယ်စားလှယ်တွေ ရမယ်။ ဒါမှလည်း ဒီမိုကရေစီက အသက်ဝင်လှုပ်ရှားနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ကြိုဆိုတယ်” ဟု ၎င်းကဆိုသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အနေဖြင့် ရခိုင်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် UEC ထံ သီးသန့်တင်ပြသွားမည့် အစီအစဉ်မရှိသေးကြောင်း ဦးသူရိန်ထွဋ်က ပြောသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် အစိုးရတွင် အဓိကတာဝန်အရှိဆုံးဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုသည်။

“UEC က ရွေးကောက်ပွဲသာလုပ်ပေးမယ်ဆိုရင် နှစ်ဖက်စလုံး(AA နဲ့ တပ်မတော်)ကလည်း လုံးခြုံရေးပိုင်းကို တာဝန်ယူဖို့ ကြေငြာချက်တွေထုတ်ထားတဲ့အတွက် (ရွေးကောက်ပွဲ)ဖြစ်လာမယ်လို့တော့မြင်တယ်။ အဓိကတော့ ဒီဟာက UEC နဲ့ အစိုးရအပေါ်မှာ မူတည်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် (၉)ခုတွင် မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ် (၄)ခုတွင် တစိတ်တပိုင်းသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်များတွင်သာ မြို့လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ရွေးကောက်ပွဲမပြုလုပ်နိုင်သေးသည့် ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် NLD အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန် ရခိုင်အရပ်ဘက်အဖွဲ့များကွန်ရက် (ACN)က တိုက်တွန်းထားသည်။

ဗီဒီယိုများ