ရခိုင်တွင် လုံခြုံရေးစိုးရိမ်ရသောကြောင့် ကုန်းလမ်းထက် ရေလမ်းခရီးအသုံးပြုမှုပိုများလာ

ရခိုင်ပြည်နယ်ရှိ ကားလမ်းတစ်လျှောက်တွင် မိုင်းပေါက်ကွဲမှုများ၊ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အပြင် တပ်မတော်ကလည်း စစ်ဆေးမှုများရှိနေသောကြောင့် ရေကြောင်းခရီးအသုံးပြုမှု ပိုမိုများပြားလာခြင်းဟု ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။

By ခိုင်ရိုးလ 06 Jan 2020

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၆၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းခရီးသွားလာမှုတွင် ကုန်းလမ်းခရီးသွားလာမှုထက် ရေကြောင်းကိုအသုံးပြု၍ ခရီးသွားလာမှု ပိုမိုများပြားလာသည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်ရှိ ကားလမ်းတစ်လျှောက်တွင် မိုင်းပေါက်ကွဲမှုများ၊ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အပြင် တပ်မတော်ကလည်း စစ်ဆေးမှုများရှိနေသောကြောင့် ရေကြောင်းခရီးအသုံးပြုမှု ပိုမိုများပြားလာခြင်းဟု ဦးစံမော်သိန်းက ပြောသည်။

ရေကြောင်းခရီးဖြင့် သွားလာသူ ကိုဇော်သက်ခိုင်က “ရေကြောင်းကျတော့ အစစ်အဆေးမရှိဘူး။ ကျနော်တို့က အလုပ်ကိစ္စနဲ့ဆိုတော့ အချိန်မှန်တယ်၊ ကားလမ်းက ကြန့်ကြာမှုတွေရှိတယ်ဆိုတော့ ကားနဲ့မသွားဖြစ်ဘဲ သင်္ဘောတွေနဲ့သွားတာပါ။ ကျနော်တို့ကတော့ ရေကြောင်းနဲ့ပဲ သွားတာများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေဖြစ်တာရှိတယ်ဆိုတော့ ကိုယ့်ရဲ့အသက်အန္တရာယ်အတွက် လုံခြုံတဲ့နေရာကနေ သွားရတဲ့သဘောပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အစိုးရပိုင် ရေကြောင်းလိုင်းများ အပါအဝင် ပုဂ္ဂလိကပိုင်ရေယာဉ်များလည်း ပြေးဆွဲနေသည်။ သို့သော် ရေကြောင်းခရီးကိုသာ ပိုမိုအသုံးပြုမှုများပြားလာသောကြောင့် ရေယာဉ်လက်မှတ် မလုံလောက်သည့် အခြေအနေများလည်း ရှိနေသည်ဟု ခရီးသည်များထံက သိရသည်။

လက်ရှိတွင် စစ်တွေမြို့မှ ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ၊ မြောက်ဦး စသည့်မြို့နယ်များသို့ ရေကြောင်းဖြင့်ခရီးသွားလျှင် လုံခြုံမှုရှိနေသော်လည်း စစ်တွေ-ဘူးသီးတောင် ရေကြောင်းခရီးသည် လုံခြုံရေးစိုးရိမ်နေရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၁) ရက်နေ့က စစ်တွေ- ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် အောင်တံခွန်(၇) သဘောၤကို ရက္ခိုင့်တပ်တော်(AA) က ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းကျေးရွာအနီးတွင် တားဆီးပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကားဒရိုင်ဘာ (၁၆)ဦးကို ဖမ်းဆီးခဲ့သည်။ နောက်တစ်ရက်အကြာတွင် စစ်ဖက်နှင့်မသက်ဆိုင်ဟုဆိုကာ ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင် အောက်တိုဘာလ (၂၆)ရက်နေ့ကလည်း စစ်တွေ-ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန် ရေယာဉ်ကို ရက္ခိုင့်တပ်တော်(AA)က ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးတွင် တားဆီးပြီး တပ်မတော်သား (၁၄)ဦး၊ ရဲတပ်ဖွဲ့ဝင် (၂၉)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးနှင့်အရပ်သား (၁၃)ဦးတို့ကို ဖမ်းဆီးခဲ့သည်။

ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူများအနက် စစ်ဖက်နှင့်မသက်ဆိုင်သော အရပ်သားများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။

Related Post : အောင်တံခွန် (၇)ရေယာဉ်ပေါ်လိုက်ပါလာသည့် ကားဒရိုင်ဘာ (၁၆)ဦးကို AA ဖမ်းဆီး

ဗီဒီယိုများ