ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင်များနှင့်ဆက်စပ်၍ လူ ၁၆၀ ကျော်အား ပြည်ထဲရေးက ဖမ်းဆီးခွင့်ပြုထား

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် တရားစွဲဆိုခံနေရသည့် ရခိုင်အသင်း (စင်္ကာပူ)ခေါင်းဆောင်များနှင့် ဆက်စပ်၍ လူ ၁၆၄ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးခွင့်ပြုထားသည့် စာရင်းကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ တွေ့ရှိခဲ့ကြောင်း တရားစွဲဆိုခံနေရသူများ၏ အကျိုးဆောင်ရှေ့နေက  ဆိုသည်။

By မြတ်ဝင်းကျော် 20 Sep 2019

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ရခိုင်အသင်း(စင်္ကာပူ) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုအောင်မြတ်ကျော်

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၂၀ ၊ ရန်ကုန်

အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် တရားစွဲဆိုခံနေရသည့် ရခိုင်အသင်း (စင်္ကာပူ)ခေါင်းဆောင်များနှင့် ဆက်စပ်၍ လူ ၁၆၄ ဦးအား ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးခွင့်ပြုထားသည့် စာရင်းကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ တွေ့ရှိခဲ့ကြောင်း တရားစွဲဆိုခံနေရသူများ၏ အကျိုးဆောင်ရှေ့နေက  ဆိုသည်။

ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များအပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခံနေရသူများအား ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ စက်တင်ဘာ ၂၀ ရက်နေ့က ရုံးထုတ်ရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ အမှုတွဲလေ့လာတွေ့ရှိချက်အရ အဲဒီစာရင်းကိုတွေ့တယ် လူတွေကတော့ အများကြီးပဲ။ ပြည်ထဲရေးကတစ်ဆင့် ကိုသန်းထွန်းနိုင်ပါ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံတွေကို ဖမ်းဆီးအရေးယူရန် ခွင့်ပြုတယ်ဆိုပြီးတော့ တွေ့တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် သန်းထွန်းနိုင်(ခ)ဘိုလီပါ ၁၆၄ ဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒ ၅၀(ည) ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခွင့်ပြုကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်စာတစ်ခုတွင် တွေ့ရှိရသည်။

ထိုသို့ ပြည်ထဲရေးဝန်ကြီးဌာန မှ ဖမ်းဆီးအရေးယူရန်ခွင့်ပြုထားသည့် ၁၆၄ ဦးစာရင်းထဲ၌ လက်ရှိတရားစွဲဆိုခံထားရသူ ၁၄ ဦး ပါဝင်ခြင်းရှိ၊ မရှိကို ယတိပြတ် မပြောဆိုနိုင်ကြောင်း ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။

“အဲဒီစာရင်းကို သေရှာလေ့လာချင်လို့ တာဝန်ခံမိတ္တူမှန်ကူးလို့ ရမရကို သက်ဆိုင်ရာကို မေးခဲ့တယ်။ သူတို့က အကြောင်းပြန်မယ်လို့ပြောတယ်။  ကူးခွင့်ရရင် ကူးပေးမယ်ပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၏ ပြန်ကြားရေးတာဝန်ခံ ဒုတိယခရိုင်တရားသူကြီး (၃) ဦးမင်းသန့်က ယင်းကိစ္စနှင့် ပတ်သက်၍ မည်သည့် သတင်းတစ်စုံတစ်ခုမှ မကြားသိရှိရသေးကြောင်း ငြင်းဆိုသည်။

“လက်ရှိတရားစွဲဆိုထားတာ ရာကြီးမှု နှစ်မှုနဲ့ ရာထွေမှု နှစ်မှုပဲ ရှိတယ်။ အဲဒါအပြင် တရားစွဲတင်တာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ရုံးချိန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် တရားစွဲဆိုခံထားရသည့် တရားခံပြေး ကိုသန်းထွန်းနိုင်နှင့် ကိုစိုးမြင့်တို့ကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဖမ်းဝရမ်းကို ပြန်လည် တင်သွင်းခဲ့ကြောင်း နောက်ထပ် ရုံးချိန်းတို့တွင် တရားခံ၏ မျက်ကွယ်၌ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

အလားတူ ပုဒ်မ ၅၀ (ည)ဖြင့် သီးခြားတရားစွဲဆိုခံထားရသော အောင်မျိုးဝင်နှင့် ဆက်စပ်တရားခံပြေး ကျော်ဟန် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်၊ သာထွန်းအောင် ရမ်းဗြဲမြို့နယ် သာယာတောနှင့် ထွန်းမင်းနိုင် (ခ) အေးထွန်း ရန်ကုန်တိုင်း ထန်းတစ်ပင်မြို့များတွင် နေထိုင်ကြသူ ၃ ဦးကို  ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ဝရမ်းအား တင်သွင်းခဲ့ကြောင်း ၎င်းထံမှသိရသည်။

ရခိုင်အသင်း(စင်္ကာပူ) ခေါင်းဆောင် ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နှင့် တရားစွဲခံထားရသည့် အောင်မြတ်ကျော်ပါ (၈) ဦး အမှုနှင့်အတူ မှင်ပြာသက်သေများကို စစ်ဆေးရန် စက်တင်ဘာ ၂၅ ရက်နေ့ကို ထပ်မံ၍ ရုံးချိန်းဆိုလိုက်ကြောင်း တရား လွှတ်တော်ရှေ့ ဦးကျော်မျိုးထွန်းက ဆိုသည်။

ဗီဒီယိုများ