ရခိုင်မှာ လုံခြုံရေးကြောင့် ငါးဖမ်းလိုင်စင်ထုတ်ပေးရန် ခက်ခဲနေ

တိုက်ပွဲဖြစ်ပွားမှုရှိနေသော ရခိုင်ပြည်နယ်တွင် ငါးဖမ်းလိုင်စင်များ ထုတ်ပေးရန် အခက်အခဲများရှိနေသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က DMG သို့ပြောသည်။

By ခင်သရဖီဦး 25 Jan 2020

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၂၃၊ စစ်တွေ

တိုက်ပွဲဖြစ်ပွားမှုရှိနေသော ရခိုင်ပြည်နယ်တွင် ငါးဖမ်းလိုင်စင်များ ထုတ်ပေးရန် အခက်အခဲများရှိနေသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိုးနိုင်က DMG သို့ပြောသည်။

ငါးဖမ်းလိုင်စင်ထုတ်ပေးရာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ သွားရောက်လုပ်ဆောင်ပေးရခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဒေသများသို့ ဝန်ထမ်းများလုံခြုံရေးစိုးရိမ်ရသဖြင့် သွားရောက်နိုင်ခြင်းမရှိဟု ဦးစိုးနိုင်က ပြောသည်။

“အခုချိန်မှာ ဝန်ထမ်းတွေကလည်း ကိုယ့်နယ်မြေဒေသကို ဆင်းဖို့က သိပ်မလွယ်လောက်ဘူး” ဟု ၎င်းကဆိုသည်။

ထိုသို့ ငါးဖမ်းလိုင်စင်ထုတ်ပေးရန် အခက်အခဲရှိနေမှုကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေရရှိမှုအပိုင်းတွင် နစ်နာမှုရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် ငါးဖမ်းသမားများလည်း လုံခြုံရေးစိုးရိမ်မှုများရှိသဖြင့် ငါးဖမ်းရန် အခက်အခဲရှိနေကြသည်။

“ကျနော်တို့ပဲ သွားဖို့လာဖို့ခက်ခဲတာ မဟုတ်ဘူး။ သူတို့လည်း တစ်ချို့နေရောတွေကို စစ်ဘေးရှောင်အဖြစ် ရောက်သွားတော့ အခက်ခဲဖြစ်သွားတာပေါ့” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် ကမ်းနီးငါးဖမ်းလှေ (၈၀၀၀)ကျော်နှင့် ကမ်းဝေးငါးဖမ်းလှေ (၄၈)စီးရှိသည်။ ပြည်နယ်တွင်း တရားမဝင် ငါးခိုးဖမ်းမှုမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင်ကာ နည်းပါးလာသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ