ရခိုင်ပြည်နယ်ရှိ လယ်ယာမြေများကို စစ်တမ်းကောက်ယူနေ

ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်အတွက် လယ်ယာမြေစစ်တမ်းများ ကောက်ခံလျက်ရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

By ခင်သရဖီဦး 24 Jan 2020

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၂၄၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်အတွက် လယ်ယာမြေစစ်တမ်းများ ကောက်ခံလျက်ရှိကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအရအကာအကွယ်ပေးနိုင်အောင် လယ်ယာမြေစစ်တမ်းကောက်ရခြင်းဟု အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“စစ်တမ်းကောက်တဲ့နေရာမှာ တောင်သူ၊ လယ်သမား တစ်ဦးချင်းစီကို တွေ့ဆုံပြီးတော့ မြေယာပိုင်ဆိုင်မှုကို မေးမြန်းပြီးကောက်သွားမှာပါ။ အခြားတွေမှာတော့ ဒီစစ်တမ်းမျိုးကို တောင်သူအခြေခံပြီးတော့ စနစ်တကျ စစ်တမ်းကောက်ခံတာမျိုးကတော့ မရှိကြသေးဘူး။ လောလောဆယ်ကောက်ထားတဲ့ ယေဘုယျစစ်တမ်းအရ အရင်က ဆယ်သိန်းငါးသောင်းခွဲလောက်ရှိတဲ့ လယ်မြေဧကကနေ ဒီနှစ်ထဲမှာ ဧကနှစ်သိန်းလောက် လျှော့ကျသွားတဲ့အနေထားတွေ တွေ့နေရတယ်။ အကျိုးဆက်အနေနဲ့ စပါးထွက်နှုန်းတွေ လျှော့သွားတာမျိုးတွေရှိနိုင်ပါ တယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲကြောင့် ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိသည့် လယ်ယာမြေများကိုလည်း  စစ်တမ်းကောက်ယူသွားမည်ဟု ဖြစ်ကာ တွေ့ရှိချက်များကို ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး အကျိုးတစ်စုံတစ်ရာရရှိရန် မျှော်လင့်မိသည်ဟု ဦးကျော်ဇံက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် လယ်ယာမြေဧက (၁၂၀၀၀)ကျော်မှာ စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းတွင် ပြောဆိုထားသည်။

ဗီဒီယိုများ